{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Saturday, 18 June 2011

လမ်းဆုံမှာသောက်ဖြစ်တဲ့ ကော်ဖီ

Views

ဒီနေရာ ဒီဆိုင်ရဲ့ ဒီစားပွဲမှာ ထိုင်ရင်း ဒီလောက် ခြောက်ကပ်ကပ် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ဘူး ။ ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ သက်ပျင်းတွေကို မှုတ်ထုပ်ဖို့တောင် ကိုယ့်ကို မ၀ံ့မရဲဖြစ်နေမိတယ် ။ သူလည်း ကျွန်တော့လိုပဲ ဖြစ်နေမယ်ထင်တယ် ။ ကျွန်တော့ရှေ့မှာထိုင်နေတဲ့ သူ ပေါ့ ။ သာမန်အားဖြင့်တော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ ။ သူနဲ့ကျွန်တော်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထိ ဒီထိုင်ခုံလေးမှာထိုင်ပြီး စကားတွေအများကြီးပြောဖူးသေးတယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်ကြားက တိတ်ဆိတ်ခြင်းတွေပဲ ခပ်ပါးပါး လွမ်းခြုံထားတဲ့ သံစဉ်မဲ့ လေထုတစ်ခုက လွမ်းမိုးနေပါသည် ။

ကျွန်တော်လည်း ရှေ့စားပွဲပေါ်က ပန်ကန်ခွက်ယောက် တွေကိုကြည့်ပြီး ဟိုတွေးဒီတွေးပေါ့ ။
“ပန်းကန်ခွက်ယောက် ဆိုတော့ ပန်းကန်ရယ် ခွက်ရယ် … အဲဒါတော့ဟုတ်ပါပြီ ယောက် ဆိုတာကရော … အိုးတွေမွှေတဲ့ ယောက်မ ကို ပြောတာလား ဒါမှမဟုတ် ဟင်းရည်ခက်တဲ့ ယောက်ချိုဇွန်း လား … သေချာတာကတော့ အဲ နှစ်မျိုးလုံး စားပွဲပေါ်မှာမှ မရှိတာ … ဒါဆို ပန်းကန် ခွက် လို့ပဲပြောရမယ် ထင်ပါ့..”

ဟိုတွေးဒီတွေးနဲ့ပဲ သူမကို ငေးကြည့်မိပြန်တယ် …. တစ်ပတ်အတွင်းမှာပဲ ပြောင်းလဲသွားတာလား ဒါမှမဟုတ် သတိမထားမိတာပဲ ကြာသွားတာလားတော့မသိ … သူမ နည်းနည်းတော့ ပိန်သွားသလိုပဲ … သူရဲ့ပါးလေးတွေတောင် အရင်လောက် မဖောင်းတော့သလိုပဲ … ပါး ဆိုမှ ဆက်ပြီးတွေးမိတော့ နည်းနည်းတော့ ရင်ခုန်သလိုလို …. တစ်စုံတစ်ရာ ဆုံးရှုံးမှုအတွက် နှမျောမိသလိုလို ….။

“………………………………..”
သူမ ပြောတဲ့ တစ်စုံတစ်ရာ သို့မဟုတ် ၀ါကျတစ်ကြောင်းက ကျွန်တော့နားထဲ ကိုးလိုကန့်လန့် တိုးဝင်လာပြန်တယ် ။ အဲလို စကားမျိုးက အခုပြောတာ ဒုတိယ အကြိမ်မြောက်ပေါ့ … ပထမအကြိမ်ကတော့ မနေ့က ညက ဖုန်းထဲမှာပဲ ။ စကားလုံးတွေ အတိအကျမမှတ်မိပေမယ့် အဓိပ္ပာကိုတော့ သေသေချာချာသိပြီးသားပါ ။ အရင့်အရင်က ပြောနေကျ စာသားတွေရဲ့ ဆန့်ကျဘက် စကားမျိုးပါ … ။

ခံတွင်းနည်းနည်းချဉ်သလို ဖြစ်လာတာနဲ့ ဆေးလိပ်တစ်လိပ်ထုပ်လိုက်ပြီးမှ သတိတရနဲ့ သူကိုကြည့်မိသေးတယ် ။ ပြီးမှ ကိုယ့်စိတ်ကိုယ် မကျေမနပ် ကျိန်ဆဲမိသေးတာပေါ့ … ဟုတ်တယ်လေ သူ ဆေးလိပ်သောက်တာ မကြိုက်ဘူးဆိုတာကို တွေးမိလိုက်တာကိုး … ။ ကိုင်ထားတဲ့ဆေးလိပ်လည်း မီးမညှိချင်တော့တာနဲ့ ရှေ့က ကော်ဖီကို တစ်ငုံ သောက်လိုက်တယ် ။ ထုံးစံအတိုင်းပါပဲ အေးစက်စက် ခါးသက်သက် ။ ဒါပေမယ့် အခြေအနေချင်းကတော့ ကွာသွားတာသေချာပါတယ် ။ ဟိုအရင်အချိန်တွေတုံးက နှစ်ယောက်အတူတူ ပတ်ဝန်းကျင်တွေမေ့အောင် စကားတွေပြောဖြစ်လို့ ကော်ဖီခွက်က အေးသွားတာ ၊ အခုကျတော့ …. ပတ်ဝန်းကျင်မေ့အောင် တိတ်ဆိတ်လွန်းလို့ ။

တိတ်ဆိတ်မှုဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာနဲ့ ချောင်းတစ်ချက်ဟန့်လိုက်တယ် ။ တိုက်တိုက်ဆိုင်ဆိုင် သူ့စီကလည်း ချောင်းဟန့်သံ တစ်ချက်ထွက်လာတယ် ။ အော် … သူလည်း ကျွန်တော့်လိုပဲ ဖြစ်နေမယ်ထင်တယ် ။ ၀တ္တရားအရလိုပဲပြောရမလား … မေးနေကျမေးခွန်းလို့ပဲပြောရမလား … ဘာဖြစ်လို့လဲ … ဘာကြောင့်လဲ … ဆိုတဲ့ မေးခွန်းတစ်ချို့ကို သူ့ကိုမေးမိပြန်တယ် ။ သူကတော့ဘာမှပြန်မဖြေပဲ ခေါင်းပဲ ယမ်းနေတာပဲ … ။ ဘာမဆိုင်ညာမဆိုင် “ချစ်အားငယ်ရသူ” ဆိုတဲ့ သီချင်းကို သွားပြီး သတိရလိုက်သေးတယ် ။
“မောင်တို့ ယောက်ျားမှာကွယ် စိတ်အားငယ်တတ်သူမို့ ချစ်အားငယ်ရသူပါကွယ်” လို့ စိတ်ထဲက ဆိုမိသေးတယ် စာသားတော့မှန်မှာမဟုတ်တာသေချာတယ် အဲသီချင်းကို တစ်ခါ နှစ်ခါ ကြားဖူးတာ ဘယ်နားမှာ ကြားဖူးမှန်းလည်းမသိ ဘယ်သူဆိုမှန်းလည်းမသိ ။ ကျွန်တော်တို့ ၂ ယောက်လည်း ဘာမသိ ညာမသိနဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး အခုလည်း ဘာမှမသိတဲ့ တစ်စိမ်းတွေပြန်ဖြစ်အုံးမှာပေါ့ ။
“သူငယ်ချင်းတွေပဲပေါ့ နော်”
သူမပြောတဲ့ စကားတစ်ခွန်းပေါ့ ။ စားပွဲပေါ်ချထားတဲ့ ဆေးလိပ်ကို မီးညှိရင်းနဲ့ပဲ ကျွန်တော် ခေါင်းယမ်းပြလိုက်တယ် ။
“သူစိမ်းတွေပါ”
ဟုတ်တယ်လေ … ချစ်သူဘ၀မှာတော့ အကောင်းဆုံးဖြစ်အောင် ချစ်ပေးခဲ့ပြီးပြီး ။ မနေနိုင်လို့ထွက်သွားတဲ့ သူအတွက်တော့ ကျွန်တော်က သူငယ်ချင်းဘ၀နဲ့ ဆက်ပြီး မရပ်တည်ချင်တော့ပါဘူး ။ ဝေးပြီးဆိုမှတော့ အဝေးဆုံးပေါ့ … သွားပြီဆိုမှတော့ တစ်လမ်းစီပေါ့ … လေပြေဖြစ်ခဲ့ရင်တောင်မှ သူ့ကို ဖြတ်မတိုက်မိအောင် …
ရွက်ဝါဖြစ်ခဲ့ရင်တောင် … သူ့အရိပ်ပေါ် ကြွေမကျမိအောင် ပေါ့ ….

စိတ်နာသွားတာလား စိတ်ဆိုးသွားတာလားတဲ့ …. အဆုပ်ထဲမှာရောက်နေတဲ့ မီးခိုးငွေ့တွေကိုမှုတ်ထုပ်ရင်းပဲ ခေါင်းကို ထပ်ပြီး ယမ်းပြလိုက်ပါတယ် ။
“အနှောက်အယှက်တစ်ခု ဖြစ်နေမှာဆိုးလို့ပါ”
ဟန်လုပ်ထားရတာလား တစ်ကယ်ပဲဖြစ်နေတာလား မသိတဲ့ သူမျက်နှာမှာတော့ တိမ်မည်းတစ်ချို့နှင့် မျက်ခမ်းစပ်က ရွာသွန်းတော့မယ့် မိုးစက်တစ်ချို့ …… ။
“သွားတော့မယ်”
နှုပ်ဆက်တာလား အသိပေးတာလား တော့မသိ သေချာတာတော့ ခွင့်တောင်းတာ မဟုတ်တာမို့ ကျွန်တော်လည်း ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး ။ ကျွန်တော်တို့ သောက်ထားတဲ့ ကော်ဖီဖိုး ရှင်းပြီးထသွားတယ် ။ ကျွန်တော်လည်း မတားတော့ပါဘူး ။ အရင်အချိန်တွေလိုပဲ ပိုက်ဆံလုပြီး မရှင်းဖြစ်ပါဘူး ။ ကံကောင်းတယ်ပဲပြောရမလား ကျွန်တော့ အိပ်ထဲမှာလည်း ပိုက်ဆံပါမလားဘူး ။။ ဒီလိုနဲ့ပဲ ကျောခိုင်းသွားလိုက်တာ တစ်လှမ်းချင်းနဲ့ပဲ …
ဒီလက်ဖက်ရည်ဆိုင်လေးသာ လမ်းစုံတစ်ခုဆိုရင်တော့ ကျွန်တော်တို့ ၂ ယောက်က ဆန့်ကျင်ဘက်က လမ်းတွေပေါ်ကို ရောက်သွားခဲ့ပြန်ပြီ …. ။ နောက်တစ်ခါ အမှတ်တမဲ့များ လမ်းမှာတွေ့ရင် ပြုံးပြရမလား မသိချင်ယောက်ပဲဆောင်ရမလားဆိုတာ ဆက်တွေးရင်းနဲ့ ကော်ဖီ ခါးခါးလေးကို တစ်ငုံ သောက်မိပြန်တယ် ။


နေနက်
18/6/2011

2 comments:

မင်းဧရာ said...

ကြိုက်တယ်လို့ပြောရမလား...
ကောင်းတယ်လို့ပြောရလား...
ဘယ်လိုပဲပြောပြော ရင်ထဲမှာတော့ မျေားသွားတာ
အမှန်ပါ။

သိင်္ဂါကျော် said...

သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ပေါ့.. အမုန်းနဲ့ လမ်းမခွဲတာ ကောင်းပါတယ်..