{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Tuesday, 15 February 2011

ကောင်းကင်သွားတောလား

Views


(၁)

နံနက်ခင်းသည် လောကကိုသာမဟုတ်ပဲ လူကိုပါလင်းစေ၏ ။ ဖတ်လတ်စ ကျမ်းစာအုပ်များကို ပိတ်လိုက်သည်။ အဝေးစီမှ ခေါင်းလောင်းထိုးသံ သဲ့သဲ့ကြားရ၏ ။ ချိုမြသော နှုပ်ဆက်အားပေးသံများဟု ရဟန်းနားလည်သည် ။ ထိုသို့ဖြင့် ခရီးကို စထွက်ခဲ့လေသည် ။

(၂)

တောင်ကြားလမ်းတစ်နေရာမှာ ကြည်လင်သော ချောင်းကွေချောင်းကောက် ကလေးတစ်စင်း စီးဆင်းနေသည် ။ တစ်ဝုန်းဝုန်းနှင့် ရေစီးသန်လှသောကြောင့် လှပသော်လည်း ကြောက်မက်ဖွယ်ရာ ဖြစ်နေ၏ ။ စံပယ်ပွင့်ဖြူများထံမှ ထစ်ချုန်းသံကြားရသလိုပင် ရဟန်းထင်မြင်မိ၏ ။

(၃)

“ရဟန်းလေး ဒီချောင်းက ဘယ်ကိုသွားတာလဲ”
“ဒါ…. ချောင်းလား”
“ဟုတ်တယ်လေ … ဒါချောင်းပေါ့”
“ချောင်းဆိုရင်တော့ မြစ်ရှိရာ သွားမှာပေါ့”


(၄)

မုဆိုးက ဒေါသမျက်နှာနှင့် ကြည့်ပြီး လှည့်ထွက်သွားသည် ။ ချောင်းကို အနံ့ခံပြီး မြစ်ကိုပစ်ခတ်ခြင်း မရှိသည့်အတွက်သာ ကျေးဇူးဆိုဖွယ်ရာ ရှိပါတော့သည် ။ ပင်လယ်တွေ စီးဆင်းမြဲ စီးဆင်းကြပါစေ ။

(၅)

“တပည့်တော်ကို ကယ်ပါအုံး ဘုရား”
အပြစ်သားက ရဟန်းကို ဦးချစဉ် အာဏာသားက ၀င်ပြော၏ ။
“သူဟာ မခုတ်ရမယ့် သစ်ပင်တွေကို လျှောက်ခုတ်တယ်”
“ဆောင်းရာသီမို့ အနွေးဓါတ်လိုလို့ပါ ၊ ထင်းအတွက် ခုတ်မိတာပါ ၊ အရှင်ဘုရား …. တပည့်တော်ကို ကယ်ပါ”

(၆)

“ပူအိုက်တဲ့ နွေရာသီမှာ ဒီသစ်ပင်တွေက အရိပ်ပေးမှာကိုရော မတွေးမိဘူးလား ၊ မျက်လုံးနှစ်လုံးရှိပြီး ဘာဖြစ်လို့ တစ်လုံးတည်းနဲ့ ကြည့်ရတာလဲ”
ရဟန်းက မျက်လွှာချပြီး ထိုသို့ ပြောသောအခါ သူတို့ အားလုံး ငြိမ်သက်သွားကြသည် ။

(၇)

“မကယ်နိုင်တာကို ခွင့်လွှတ်ပါ ၊ ဗုဒ္ဓလမ်းစဉ်ကို နားလည်ပါ ။ ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်ဘူး ၊ ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူ ဆရာသာဖြစ်တယ် ၊ ကိုယ့်ကိုကိုယ် ကယ်မှ ရမယ်”
သူတို့ကို ဥပေက္ခာပြုပြီး ရဟန်းလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့လေသည် ။

(၈)

တရုတ်ဒသနပညာရှင် ၀ိန်းရန်မင်း၏ ကဗျာတစ်ပုဒ်ကို ရဟန်းက ရေရွတ်လိုက်သည် ။
“က္ဋစ္ဆာသရ သိုလှောင်အိမ်ကြီးကို လွှင့်မပစ်လိုက်ပါနဲ့ ပြီး … အ၀င်လမ်းမှာ လာရပ်နေတဲ့ ခွက်ကိုင် သူဆင်းရဲတွေကိုလဲ အတုမယူပါနဲ့”

(၉)

ခေတ္တအားဖြင့်တော့ အခြားသော လမ်းသွားလမ်းလာများလို့ ငေးရပ်ကြည့်မိသည် ။ (အံ့သြစရာတော့ မဟုတ်ပါ)
သူကြွယ်တစ်ဦးဖြစ်၏ ။ သူပိုင်ဆိုင်သော စပါးကျီကြီးရှေ့တွင်ရပ်ကာ လာသမျှသူထံမှ … ရသမျှ အကူအညီကို အော်ဟစ်တောင်းခံနေသည် ။ ပါးစပ်ကို ခွက်အဖြစ်တပ်ဆင်ထားသော သူဆင်းရဲကြီး တစ်ယောက်ပမာ ရှိနေလေသည် ။

(၁၀)

သူ့တွင် မျက်လုံးနှစ်လုံးရှိသည် ။ နှစ်ခုစလုံးနှင့် ကြည့်သည် ။ သို့သော် … ဘာမှမမြင်သူ ဖြစ်သည် ။ ဥစ္စာဓန၏ ညို့ငင်မှု ၊ ရုပ်ဝတ္ထုများ၏ အိမ်မွေ့ချမှုကို ခံထားရသူဖြစ်သည် ။
“ရဟန်း ၊ ကျုပ်ကို အိမ်မက်ကောင်းတွေ ပေးပါ”
“ကောင်းသောစိတ်နဲ့ အိပ်ရာဝင်ပါ ဒကာ…. ၊ အိမ်မက်တင်မဟုတ်ဘဲ နံနက်ခင်းကပါ ကောင်းနေပါလိမ့်မယ်”

(၁၁)

စကားလက်ဆုံကျနေသော အဖိုးအိုနှင့် လူငယ်ကိုကြည့်ကာ မြို့စား ၊ ရွာစားနှင့် လယ်သမားက ဝေဖန်သုံးသပ်ကြ၏ ။ “လူငယ်က …. အနာဂတ်အတွက်ပြင်ဆင်နေတယ်” ဟုမြို့စားကပြောသည် ။
“အဖိုးအိုက အတိတ်ကို ဖြည့်စွက်ကြိုးစားနေတယ်” ဟု ရွာစားက ပြောသည် ။

(၁၂)

“မိုက်လိုက်တာ …. အမှန်တော့ လူဆိုတာ ပစ္စုပ္ပန်ပဲနေရမှာ”
ဟု လယ်သမားက ပြောသည် ။ ရဟန်းက အေးချမ်းစွာ ပြုံးမိလေသည် ။ အမြင် ‘နယ်’ ကျယ်ဝန်းမှုအရသာ ပြောရလျှင် လယ်သမားသည် နယ်စားကြီးပင်တည်း ။

(၁၃)

“မင်းဟာ…. ‘ရေ’ … ပဲ”
သစ်ပင်အောက်တွင် တည်ငြိမ်စွာ သမထ ထိုင်နေသော လူငယ်က ရဟန်းစကားကြောင့် မော့ကြည့်သည် ။
“အရှင်…. ဘာပြောလိုက်တာလဲ”
ရဟန်းက ခေါင်းကို ဖြည်းညှင်းသွာ ခါလိုက်၏ ။
“အခုတော့ ….. မင်း….. ‘လှိုင်း’ ဖြစ်သွားပြီ ….”

(၁၄)

ဝမ်းသာအားရ အော်ဟစ်သံများ ၊ ၀မ်းနည်းကြေကွဲ ငိုသည်း သံများနှင့်အတူ ဓါးပြိုင်ပွဲကြီး ပြီးသွားပြီ ။ ပြိုင်ဆိုင်ခဲံသော မြေစည်းဝိုင်းကိုသော်လည်းကောင်း ၊ စိုက်ကျန်ရစ်သော ဓါးတစ်လက်ကို လည်းကောင်း ရဟန်းကြည့်မိ၏ ။

(၁၅)

ဓါးမှာသော်လည်းကောင်း ၊ မြေစည်းဝိုင်းမှာသော် လည်းကောင်း ဘာမှ မရှိ၊ ၀မ်းသာမှုလည်းမရှိ ၊ ၀မ်းနည်းမှုလည်း မရှိ ၊ အောင်မြင်မှုလည်းမရှိ ၊ ဆုံးရှုံးမှုလည်း မရှိ ၊ ဘာမှမရှိ ဘာမှမရှိ ၊ ဘာမှ မရှိ ။

(၁၆)

တောလမ်းက ရှည်လျားကြီး ကြမ်းတမ်းသည် ။ မြင်းစီးလာသူ တစ်ဦးကမေး၏ ။
“ငါ့ရှင်က ရဟန်းလား”
“မဟုတ်ဘူး … ငါဟာ သူခိုးဖြစ်တယ်”
“ဘယ်လို သူခိုးလဲ”
ဗုဒ္ဓရဲ့ ကျင့်ကြံမှုကို အတုခိုးနေတဲ့ သူခိုးပေါ့….”

(၁၇)

တောင်တက်လမ်းသည် ကောင်းကင်ကို နွယ်ထားသော နဂါးငွေ့တန်းပမာ …. ဖြူခိုးတို့ဖြင့် ၀ိုးဝါးမှိုင်းပြာနေသည် ။ စိုစွတ်သော ညနေရီမှုံတို့ကို သတိတရားဖြင့် ရဟန်းကြည့်မ၏ ။ သိမ်ငယ်လှသော ကျောက်တောင်ကုန်လေးကို တီးတိုးမေးလိုက်၏ ။
“တောင်ကုန်းလေးရေ … မင်းဆီမှာ ပန်းတွေလည်းမပွင့်ပါလား”

(၁၈)

တောင်ကုန်းလေးက ခပ်အုပ်အုပ် ပြန်ဖြေ၏ ။
“အရှင်ဘုရားဟာ …. ကျွန်တော်မျိုးဆီမှာ လာပွင့်တဲ့ ပန်းပေါ့”
ဟုတ်သည် ။ သူသည် ကျောက်တောင်ကုန်းမှာ ပွင့်သော ပန်းဖြစ်သည် ။ သူနှင့် သဘာဝတရားတို့ တစ်သားတည်း ဖြစ်ကြပြီး သဘာဝတရားနှင့် တစ်သားတည်းဖြစ်ခြင်းသည် ဓမ္မနှင့် အတူနေရခြင်းလည်း ဖြစ်သည် ။ ရဟန်းက မျက်လွှာချပြီး ငြင်သာစွာ ရွတ်ဆိုလိုက်သည် ။
“ရောက်လုပါပြီ …..”

(တာယာမင်းဝေ …. မျဉ်းဖြောင့်၏ ဧရီယာ စာအုပ်မှ ပြန်လည်ဖေါ်ပြပါသည်)

No comments: