{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Sunday, 6 February 2011

ယုန်နှစ်မှာ ယုန်သားစားခြင်း

Views

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ်ဖြစ်တယ်။
ထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင်ရတယ်။ မန္တလေးက မိတ်ဆွေတစ်ယောက်က နေပြည်တော်က အပြန်လမ်းမှာတွေ့လို့ဝယ်လာခဲ့ပြီး ကားဂိတ်ကတစ်ဆင့်ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုန်သားစားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်ကရလို့ပို့ လိုက်တာတဲ့။


တိုင်း၍ရက်တဲ့ပက္ကလာ

သူက မန္တလေးသားစစ်စစ်ဆိုတော့ အညာစာတွေကြိုက်တတ်တယ်။ တစ်ခါတလေ တယ်လီဖုန်းထဲကနေပြီးတောင် အညာစာတွေအကြောင်း သူပြောတာနားထောင်ရင်းသရေ(သွားရည်)ကျရတယ်။ ညက်ညက်ကလေးနဲ့ အပြောလည်းကောင်းတယ်။ သူယုန်သားပို့တဲ့နေ့မှာပဲ နှမတွေကလည်း ထုံးစံအတိုင်းအညာစာတွေ ဘူးကြီးတစ်ဘူးနဲ့ပို့လိုက်တော့ တိုင်း၍ရက်တဲ့ပက္ကလာဆိုသလိုဖြစ်သွားတယ်။ နှမတွေပို့တဲ့ထဲမှာက တမာရွက်နဲ့ ထနောင်းရွက်ပါသလို ခွေးတောက်ရွက်လည်းပါတယ်။ တဇောင်းခါးလည်းပါတယ်။ ပဲနဲ့ဆီးသီးလည်းပါတယ်။ ပဲမြစ်နဲ့ခေါပုတ်တောင်မကျန်ဘူး။ နည်းနည်းနဲ့စုံအောင် ထည့်ပေးလိုက်တာလို့ ပြောပေမယ့် တစ်မျိုးတစ်မျိုးကို နည်းတာမဟုတ်ဘူး။ တစ်ဆင့်တောင် ပြန်ပြီးခွဲဝေပေးရသေးတယ်။


ယုန်သားနဲ့ခွေးတောက်ရွက်ဟင်းချို

တိုင်း၍ရက်တဲ့ ပက္ကလာလို့ပြောလိုက်တာက ယုန်သားနဲ့ခွေးတောက်ရွက် သိပ်ပြီး လိုက်ဖက်လို့ပါ။ ယုန်သားပြုတ်တဲ့အရည်ထဲကို ခွေးတောက်ရွက်ကလေးခပ်ပြီး သောက်ရတဲ့အရသာက သိပ်ကောင်းတာ။ ပြုတ်ထားတဲ့ယုန်သားကိုထောင်းပြီး ကြက်သွန်နီလေးပါးပါးလှီး၊ ဆီရွှဲရွှဲလေးနဲ့စားရတာကလည်း ဘာနဲ့မျှမတူအောင် အရသာရှိလှတယ်။ ယုန်သားကကြက်သားထက်နူးညံ့ပြီး ပိုချိုတယ်။ ချက်စား၊ ကြော်စား၊ ပြုတ်ထောင်းကြော်စား အမျိုးမျိုးစားလို့ရတယ်။ အဲဒီနေ့ကတော့ ယုန်သားထောင်း ခွေးတောက်ရွက်ဟင်းချို၊ ပဲနှပ်၊ မရမ်းသီးထောင်း၊ ထနောင်းရွက်သုပ်နဲ့ အညာပြန်ရောက်နေသလိုကို အောက်မေ့ရတယ်။

လပေါ်ကယုန်လို

ရန်ကုန်ရောက်ကတည်းက ယုန်သားကိုခဏခဏသတိရနေရတယ်။ မနှစ်ကမှ မိတ်ဆွေရဲ့ကျေးဇူးကြောင့် စားရတာ။ ဒီနှစ်ယုန်နှစ်မှာလည်း ယုန်သားစားရတော့ လပေါ်ကယုန်ကလေးလို အသက်ရှည်မယ့်ပုံပဲ။ ရှဲ့ရှဲ့၊ ရှဲ့ရှဲ့လို့ပဲပြောလိုက်ရတယ်။ ထမင်းစားရင်းကနေ ငယ်ဘ၀ကို ပြန်ပြီးတွေးမိတယ်။ ငယ်ငယ်တုန်းက တရုတ်တန်းဈေးမှာ ယုန်သားရလေ့ရှိတယ်။ ယုန်သားကိုထောင်းဖို့ အသားကိုနွှင်တော့ ထွက်လာတဲ့အရိုးတွေကိုဟင်းချိုအိုးထဲ အမေကပစ်ထည့်တတ်တယ်။ ဟင်းချိုကပိုချိုတာပေါ့။ မရမ်းသီးမပေါ်တဲ့ အချိန်ဆိုရင်တော့ မန်ကျည်းသီးထောင်းနဲ့လည်းလိုက်ဖက်ပါတယ်။ မန်ကျည်းသီးထောင်းပေါ်မှာ ပင်စိမ်းရွက်ကလေးတွေအုပ်လိုက်ရင် အနံ့ကလေးမွှေးနေတာပေါ့။


အဆောင်တွေထဲပြေးဝင်လာကြ

ရန်ကုန်မှာတော့ ယုန်သားစားလေ့မရှိကြဘူး။ ရောင်းတာလည်း မတွေ့ဖူးဘူး။ မွေးဖို့ရောင်းတဲ့ယုန်တွေပဲရှိတယ်။ ပေါပေါမရလို့မစားတတ်ကြတာထင်ပါရဲ့။ မန္တလေးမှာတော့ ငယ်စဉ်က တော်တော်ပေါတယ်။ မန္တလေးတက္ကသိုလ်ရဲ့ ယောက်ျားလေး အဆောင်နှစ်ဆောင်ဖြစ်တဲ့ အောင်မင်္ဂလာဆောင်နဲ့ ရွှေပြည်အေးဆောင် ဆောက်ပြီးစကဆို အဆောင်ထဲကို ယုန်ကလေးတွေပြေးပြေးလာတတ်တယ်။ အဆောင်တွေရဲ့ အရှေ့ဖက်မှာက လယ်ကွင်းတွေနဲ့ ထန်းတောတွေရှိတာကိုး။ ယုန်လိုက်ရုံလောက်တော့ အဝေးကြီးသွားစရာမလိုဘူး။ တက္ကသိုလ်ဝန်းကျင်မှာတင်ရတယ်။


ဆင်အုပ်နဲ့ တိုး

သေနတ်ပစ်ဝါသနာမပါပေမယ့် တောလည်တာဝါသနာပါလို့ သူငယ်ချင်းတွေတောပစ်ထွက်ရင်လိုက်လေ့ရှိတယ်။ ပုလိပ်လောက်ထွက်လိုက်ရုံနဲ့ တောဝက်ကောင်းကောင်း ပစ်ရတယ်။ မတွေ့တဲ့အခါမရှိသလောက်ပဲ။ ထုံးဘိုတို့၊ ရွှေစာရံတို့ဘက်ထွက်ရင် တောဝက်သာမက ဒရယ်တို့၊ ဂျီ(ချေ)တို့ပါရတယ်။ တစ်ခါကဆို နားဋောင်းကျချောင်းဖျားမှာ သူငယ်ချင်းတွေက ဂျီလိုက်ချောင်းနေတုန်း တစ်ယောက်တည်း သရက်သီးလိုက်ကောက်နေမိတယ်။ သရက်တောကြီးက နေပြောက်တောင်မထိုးဘူး။ ကြွေကျတဲ့သရက်ကင်းလေးတွေကို လိုက်ကောက်နေတုန်း တောဆင်လေးငါးကောင်အုပ်နဲ့ တိုးလို့ပြေးရတာကို ကောင်းကောင်း မှတ်မိနေသေးတယ်။ နှစ်ဆယ့်တစ်မိုင်ဝန်းကျင်မှာ တစ်ခါတလေကျားတောင် တွေ့ရတယ်။ အဲဒီအချိန်ကမေမြို့(ပြင်ဦးလွင်)အတက် တောင်ကြောတွေမှာ ရေထွက်ကလေးတွေ၊ စမ်းချောင်းကလေးတွေကသိပ်ပေါတာ။


မုဆိုးလည်း သူ့စရိုက်နဲ့သူ

ရေထွက်ကလေးတွေနေရာမှာ သားကောင်မျိုးစုံ ရေသောက်လာလေ့ရှိတယ်။ တောပစ်သူတွေက ရေထွက်နေရာကစောင့်ပြီးပစ်ရုံပဲ။ သူငယ်ချင်းတွေက တောဝက်ကိုပဲရှာကြတာများတယ်။ ၀က်မရမှ ဒရယ်တို့၊ ဂျီ (ချေ)တို့ပစ်ကြတယ်။ မုဆိုးကလည်း သူ့စရိုက်နဲ့သူ သေနတ်ကိုင်ပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်တာမဟုတ်ဘူး။ ကိုယ်တိုင်ကတော့ တောလည်လိုက်နေပေမယ့် လေသေနတ်တောင် ပစ်ဖူးတာမဟုတ်ဘူး။ ငယ်စဉ်ကလည်း လေးခွတောင်မကိုင်ဖူးဘူး။ တောလည်ရတာကိုပျော်တာ။ တောထဲရောက်ရင်ဆီးသီးခူးမယ်။ သရက်သီးကောက်မယ်။ မရမ်းသီးကောက်မယ်။ ဒါပဲ။


မိဘမဲ့ဝက်ဝံလေးနှစ်ကောင်

တစ်ခါက ထုံးဘိုတို့၊ ကျောက်ချောတို့ဘက်တောလည်ရင်း မိဘမဲ့ဝက်ဝံလေးနှစ်ကောင် တွေ့ခဲ့ရတာကို မှတ်မိသေးတယ်။ ၀က်ဝံလေးတွေက တစ်လသားအရွယ်လောက်ပဲ ရှိဦးမယ်နဲ့တူပါတယ်။ ၀က်ဝံမကြီးက တစ်ယောက်ယောက် လက်ချက်မိသွားပုံရပါတယ်။ ၀က်ဝံလေးနှစ်ကောင်ကိုယူလာပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ နို့ဘူးတိုက်မွေးထားကြတယ်။ သိပ်လိမ္မာပြီး သိပ်ချစ်စရာကောင်းတယ်။ နောက်တော့ဒီကောင်တွေက ဧရာမအကောင်ကြီးတွေ ဖြစ်လာတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြောလွန်းမကပြောကြတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်းတစ်သိုက် ကျောက်ဆည်ဘက်က မြို့ကြီးဒေါင်းမီးအထိ ယူသွားပြီး မျက်ရည်စက်လက်နဲ့လွှတ်ပစ်ခဲ့ကြရတယ်။


သမိုင်းဆောင်းပါးလို

ယုန်သားထောင်းနဲ့ ခွေးတောက်ရွက် ဟင်းချိုစားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်ပြောင်းအောက်မေ့လွမ်းဆွတ် နေမိတာဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေဖတ်မိရင်တော့ သမိုင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသလို အောက်မေ့နေကြပါလိမ့်မယ်။ အခြေအနေတွေက ဆက်စပ်ကြည့်လို့ မရနိုင်လောက်အောင်ကို ပြောင်းလဲသွားကြပြီ မဟုတ်လား။ လူ့သမိုင်းမှာပြောင်းလဲမှုဆိုတာ လိုအပ်ချက်တစ်ခုဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်းဖြစ်တယ်။ ဒါပေမဲ့ ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှု ရှိသလို မကောင်းတဲ့ပြောင်းလဲမှုလည်း ရှိတယ်။



ဆင်နဲ့လူဘယ်သူကကျူးကျော်တာလဲ


မကြာမီကပဲ တောဆင်ရိုင်းတွေ အန္တရာယ်ပြုလို့ အင်းတကော်နားမှာ လူနှစ်ယောက်သေဆုံးသွားတဲ့သတင်းဖတ်ရတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာလည်း ရွာနားပတ်ဝန်းကျင်ကို တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တဲ့ သတင်းတွေ ဖတ်ရတယ်။ ကလောအတက် ယင်းမာပင်နားမှာလည်း တောဆင်ရိုင်းတွေ ၀င်ရောက်လာတဲ့သတင်းတွေ ဖတ်ရတယ်။ တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တယ်လို့ သတင်းတွေကဆိုတယ်။ လူတွေရဲ့ရပ်ရွာထဲကိုဆင်တွေကလာပြီး နှောင့်ယှက်တာလား၊ ဆင်တွေနေတဲ့ တောကြီးတွေထဲကို လူတွေက ၀င်ရောက်ကျူးကျော် နေထိုင်ကြတာလားဆိုတာ စဉ်းစားကြဖို့ကောင်းတယ်။ တောအုပ်ကြီးတွေ အဖြစ်ကနေ လူနေရပ်ရွာတွေ အဖြစ်ပြောင်းလဲသွားခြင်းရဲ့ ရလဒ်မဟုတ်ဘူးလား။


လူတွေကိုယ်တိုင်လုပ်တာ

ဒီနေ့ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူလွန်ကဲလိုက်၊ အအေးလွန်ကဲလိုက်၊ ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်၊ မီးတောင်ပေါက်ကွဲလိုက်နဲ့ သဘာဝအန္တရာယ်ဆိုးကြီးတွေ နေ့စဉ်နေ့တိုင်း မကြားရတဲ့နေ့ တစ်နေ့မှမရှိပါဘူး။ ဒီအန္တရာယ်ဆိုးကြီးတွေ အများစုဟာ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့ကြတာဖြစ်တယ်။ ဒါကိုလူတိုင်းလိုလို သိနေကြတယ်။ မသိလို့လုပ်နေကြတာ မဟုတ်ဘူး။ တောထဲကဆင်တွေက လူနေရပ်ရွာထဲဝင်ရောက် ကျူးကျော်တာလား။ လူတွေကပဲ ဆင်တွေနေတဲ့ တောအုပ်ကြီးတွေကိုဖျက်ဆီးပြီး ကျူးကျော်နေထိုင် ကြတာလားဆိုတာ ရှင်းနေတာပဲ။ လူတိုင်းသိတယ်။ ဒါပေမဲ့ လူတွေကဆင်ခြင်ကြသလား။ ပြုပြင်ကြသလား။ ရှောင်ကြဉ်ကြသလား။ အဲဒါကြောင့်ရှေးဖြစ်ဟောင်းတွေ ပြန်ပြီးပြောနေရတာပါ။


လူထုစိန်ဝင်း

No comments: