{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Thursday, 27 January 2011

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ

Views

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။


စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ခေတ်က စာပေသမားမှန်ရင် လက်ဖက်ရည်ကျကျကို တနေ့ ကိုးခွက်၊ ၁၀ ခွက် သောက်လေ့ရှိတယ်။ အများစုက ဆရာဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျအတုယူခဲ့ကြတာ ဖြစ်တယ်။ တချို့ကျတော့ သူတို့ကြိုက်တဲ့ စာရေးဆရာတွေ ထိုင်တယ်ဆိုတဲ့ 'တာဝှာ'ဘား တို့ 'ကျုံဝှာ'ဘား တို့မှာ သွားထိုင်ကြတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ကဗျာဆရာတွေ အထိုင်များတယ်ဆိုတဲ့ ရေကျော်နဲ့ ၄၂ လမ်းက အရက်ဆိုင်တွေမှာ ကြက်ရိုးသုပ်နဲ့ ပျော်ကြတယ်။


သစ္စာရှိပြီး မေတ္တာကြီးမား

တချို့စာရေးဆရာ ကဗျာဆရာတွေ အရက်ကြိုက်လို့ သောက်ကြတယ်။ တချိန်တည်းမှာ သူတို့ဟာ စာရေးဆရာကောင်း၊ ကဗျာဆရာကောင်းတွေ ဖြစ်ကြတယ်။ စားဝတ်နေရေး ပြည့်စုံအောင် တာဝန်မယူနိုင်ပေမယ့် အများစုဟာ သစ္စာရှိပြီး မေတ္တာကြီးမားတဲ့ လင်ယောက်ျားနဲ့ ဖခင်တွေ ဖြစ်ကြတယ်။

သူတို့သားသမီးတွေရဲ့ စိတ်ထဲမှာ သူတို့အဖေဟာ အရက်သမားကြီးပါလားဆိုတဲ့ အရိပ်မည်းကြီး လွှမ်းမိုးနေအောင် မလုပ်သင့်ကြပါဘူး။ သူတို့အဖေများဟာ ဘယ်လောက် ကောင်းတဲ့စာတွေ၊ ကဗျာတွေ ရေးခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ကြီးပြင်းလာစေသင့်ပါတယ်။ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာ တသက်လုံး ကြောက်စိတ်ကြီးမားနေတတ်ပြီး လူတောမတိုး ဖြစ်သွားတတ်ပါတယ်။


လွမ်းစာ အရေးကောင်းသူ

အမေ လူထုဒေါ်အမာဟာ ကွယ်လွန်သူများရဲ့ အကြောင်းရေးတဲ့နေရာမှာ အင်မတန် ကောင်းလှတယ်လို့ အမေ့ ဆရာတွေဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကိုယ်တိုင် မှတ်ချက်ချခဲ့ကြပါတယ်။ ဒါတောင်မှ တချို့က ကွယ်လွန်သူများရဲ့ ဘဝအစိတ်အပိုင်းတချို့ကို ချန်လှပ်ရေးသားမှုနဲ့ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ကြဘူး။ ဘယ်သူက အရက်သမားဖြစ်ပြီး ဘယ်သူက ဘိန်းစွဲသူဖြစ်တယ်။ ဘယ်သူက မိန်းမ ဘယ်နှယောက်ယူပြီး၊ ဘယ်သူက ယောက်ျား ဘယ်နှယောက်နဲ့ ညားခဲ့တယ် ဆိုတာမျိုးတွေကိုပါ အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆိုသူက ဆိုခဲ့ကြတယ်။

အမေ လူထုဒေါ်အမာကတော့ ပြည်သူချစ်သော အနုပညာရှင်တွေရဲ့ အနုပညာအစွမ်းထက်ပုံနဲ့ ကြိုးစားအားထုတ်ပုံတွေ အကြောင်းရေးမှ နှောင်းလူတွေအတွက် အကျိုးရှိစေတယ်။ ဘယ်သူ ဘယ်လောက် အရက်သောက်ပြီး ဘယ်လောက် ဖဲကစားကြောင်း၊ မိန်းမ ဘယ်နှယောက်ယူကြောင်း ဇွတ်တွေရေးလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြောလေ့ ရှိပါတယ်။


လူထုကျောင်းထွက်

စာရေးဆရာတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးကြတာ ဖြစ်တယ်။ အမေမာကတော့ သူ့ခံယူချက်အတိုင်း ပြည်သူချစ်သော အနုပညာသည်များအကြောင်း ရေးခဲ့တယ်။ သူ့ဆရာတွေက ချီးကျူးစကားဆိုခဲ့သလို စာဖတ်ပရိသတ်များကလည်း နှစ်သက်ကြတယ်။ ကိုယ်တိုင်ကလည်း 'လူထု ကျောင်းထွက်' ဖြစ်တာကြောင့် အနုပညာသမားတွေအကြောင်း လွမ်းစာရေးကြတဲ့အခါမှာ သူတို့ရဲ့အနုပညာတွေအကြောင်းပဲ မီးမောင်းထိုးပြသင့်တယ်လို့ ယူဆသူ ဖြစ်တယ်။

သီချင်းတပုဒ်အကြောင်းရေးတဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသီချင်းရေးဖြစ်တဲ့အကြောင်း၊ သီချင်းရဲ့ သံစဉ်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊ စာသားနဲ့ စကားလုံးတွေရအောင် ဘယ်နည်း ဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း စတာမျိုးတွေက ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုအရက်မျိုးသောက်ပြီး ရေးတယ် ဆိုတာမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယူဆတယ်။


ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တာ မကောင်း

ဘယ်နေရာမှာဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို သိပ်ပြီးရှေ့တန်းတင်တာ မကောင်းဘူး ထင်တယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ အာဏာရှင်စနစ်ဆိုတာ ပုဂ္ဂိုလ်ကိုးကွယ်မှုလွန်ကဲရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြို့မငြိမ်း အကြောင်း ရေးမယ်ဆိုရင် မြို့မငြိမ်းရဲ့ အနုပညာအတိမ်အနက်ကို စနစ်တကျ လေ့လာ သုတေသနပြုပြီး သီချင်းတပုဒ်ချင်းစီရဲ့ သံစဉ်တွေဟာ ဘယ်လိုသံစဉ်တွေဖြစ်ပြီး ဘယ်လို ရှာယူခဲ့ရကြောင်း၊ စာသားတွေကိုလည်း ဘယ်လို ရှာခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ ရေးပြမယ်ဆိုရင် နောင်လာနောက်သား ဂီတဝါသနာရှင်တွေအတွက် အများကြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။


မြို့မငြိမ်းရဲ့ ပုံရိပ်

မြို့မငြိမ်းအကြောင်း ရေးတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ မြို့မငြိမ်းရဲ့ သားတွေကိုယ်တိုင်ရေးတဲ့ စာတွေလည်း ဖတ်ခဲ့တယ်။ မှန်တာပြောရရင် ဒီနေ့ထိ အားရကျေနပ်လောက်တဲ့ စာမျိုးမတွေ့သေးဘူးလို့ပဲ ပြောချင်တယ်။ စာတွေထဲမှာ ဖတ်ရတဲ့ မြို့မငြိမ်းက သေးနေ ငယ်နေတယ်။ အားလုံးရဲ့အရေးအသားတွေက မြို့မငြိမ်းရဲ့ စကားလုံးနဲ့ စာသားတွေ ဘယ်လောက်နူးညံ့လှပပြီး ဘယ်လောက် ကဗျာဆန်ကြောင်း၊ မြို့မငြိမ်း သီချင်းအရေး ဘယ်လောက်ကောင်းကြောင်း ညွှန်းဖွဲ့တာတွေပဲ များတယ်။

အားလုံးခြုံ နိဂုံးချုပ်လိုက်တော့ မြို့မငြိမ်းဆိုတာ စာသားနဲ့ စကားလုံးလှလှလေးတွေ ရွေးချယ် သီကုံးတတ်တဲ့ သီချင်းရေးဆရာတယောက်ဖြစ်တယ် ဆိုတဲ့ပုံရိပ်ပဲ ပေါ်လွင်ထင်ရှားလာခဲ့တယ်။


အဆပေါင်းများစွာမြင့်တဲ့


သီချင်းအရေးကောင်းတဲ့ သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ဟာ မြို့မငြိမ်းကို ဂုဏ်ပြုရာမရောက်ဘဲ သေးသိမ်အောင် နှိမ့်ချပြောဆိုလိုက်တာလို့ ခံစားရတယ်။ တကယ်တော့ မြို့မငြိမ်းဟာ သာမန်စကားလုံးလှလှလေးတွေ ရေးတတ်တဲ့ သီချင်းရေးဆရာ သက်သက်ထက် အဆပေါင်းများစွာ မြင့်မားတဲ့ ဂီတပညာရှင်ကြီးတယောက် ဖြစ်တယ်လို့ ဆိုချင်တယ်။ စိန်ဗေဒါကြီးဟာ သာမန် ဆိုင်းဆရာတယောက်မဟုတ်တဲ့ ဂီတအနုပညာရှင်ကြီးတယောက် ဖြစ်သလို ဆရာငြိမ်းဟာလည်း သာမန် သီချင်းရေးဆရာတယောက်မျှသာ မဟုတ်ပါဘူး။ ဂီတ အနုပညာရှင်ကြီးတယောက်ပါ။


သရီးဒီ သံစဉ်တွေ



မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတိုင်းလိုလိုမှာ စကားလုံး စာသားအလှတင်မက တေးသွားသံစဉ်တွေပါ ရောင်စုံဖြာယှက်ပြီး လှနေတယ်၊ ကြွနေတယ်၊ ခေတ်စကားနဲ့ပြောရရင် သရီးဒီသံစဉ်တွေလို့ ပြောနိုင်တဲ့ သီချင်းတွေ အများကြီး တွေ့နိုင်တယ်။ အတော်များများဟာ ရှေးရိုးမြန်မာသံစဉ်မျိုးတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း ဂီတနားရှိသူတိုင်း သိနိုင်ကြတယ်။

တချို့သီချင်းတွေမှာ ဘီသိုဗင်ရဲ့သံစဉ်နဲ့ ဆင်နေတာတွေ တွေ့ရသလို တချို့သီချင်းကြတော့ မိုးဇက်ရဲ့ တီးလုံးလိုလို ထင်ရတာမျိုးတွေ တွေ့နိုင်တယ်။ ဆရာငြိမ်းဟာ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်ထိရောက်အောင် ဆွဲတင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်။ သာမန် သီချင်းရေးဆရာတယောက် သက်သက်မဟုတ်ဘူး။ ဂီတဗေဒပညာရှင် (Musicologist) ဖြစ်တယ်။


မဏ္ဍပ်တိုင် တက်ပြကြတာ



စိန်ဗေဒါကိုသွားပြီး ဆိုင်းတီးကောင်းတယ်လို့ပြောလိုက်တာဟာ ချီးကျူးရာ မရောက်ဘဲ စော်ကားသလို ဖြစ်စေတယ်ဆိုတာ သိဖို့ ကောင်းတယ်။ စာရေးသူအတော်များများက သူတို့ရေးတဲ့ ပုဂ္ဂိုလ်အကြောင်း ရေးချင်တာထက် သူတို့အကြောင်း မဏ္ဍပ်တိုင်တက်ပြချင်ကြတာ များကြတယ်။

အဲဒီအကြောင်းကို 'ဆင်ဖြူတော်မှီ ကြံစုပ်တဲ့စာတွေ' ဆိုတဲ့ခေါင်းစဉ်နဲ့ မဂ္ဂဇင်းတစောင်မှာ ရေးခဲ့ဖူးသေးတယ်။ ဆင်ဖြူတော်မှီ ကြံစုပ်တာလည်း လူ့သဘာဝ၊ မဏ္ဍပ်တိုင်တက်ပြချင်တာလည်း လူ့သဘာဝမို့ အပြစ်မပြောချင်ပါဘူ့း။ ဒါပေမယ့် အရေးခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်သင့်ကြတယ်။


လူကို စိတ်မဝင်စားပါနဲ့



လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက လူပုဂ္ဂိုလ်ကို စိတ်ဝင်စားတာထက် သူတို့ရဲ့လုပ်ရပ်တွေကို ပိုပြီး စိတ်ဝင်စားလေ့လာပါဆိုတာ ဖြစ်တယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ အရက်သောက်တဲ့စာတွေသာ ဖတ်နေရပြီး သူတို့ရေးခဲ့တဲ့ ကဗျာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ပြတဲ့စာမျိုးတွေတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ဟာ သာမန် ကဗျာဆရာဆိုတဲ့အဆင့်ကို လွန်မြောက်ခဲ့သူတွေပါ။ သေးသိမ်အောင် မလုပ်ကြစေချင်ဘူး။


လူထုစိန်ဝင်း

No comments: