{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Saturday 8 January 2011

အိမ်ကလေး

Views

ကျွန်မ…အိမ်ပေါ်ရောက်တာနဲ့…ရုံးပစ္စည်းတွေနဲ့ တစ်ခြားပစ္စည်းတွေထည့်ထားတဲ့ ဆွဲခြင်းကို ချပြီး ခဏ အမောဖြေနေမိတယ်…

“အော်…အမေကြီးတောင် ပြန်ရောက်ပြီပဲ…”

အသံကြားလို့ ကြည့်လိုက်တော့ ကျွန်မရဲ့ ခင်ပွန်းပါ…သူခပ်ပေးတဲ့ရေတစ်ခွက်ကိုသောက်ရင်း အမောဖြေနေမိတယ်…

အမောဖြေနေရင်းနဲ့ နံရံပေါ်မှာ ချိတ်ထားထဲ ဓါတ်ပုံတွေကို ကြည့်နေမိတယ်….သောက်နေတဲ့ ရေတစ်ခွက် ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး…

သက်ပြင်းချသံတစ်ခု ကြားလိုက်ပါတယ်…

“လာပါ အမေကြီးရယ်…ရေမိုးချိုးလိုက်အုံး…ပြီးရင် ထမင်းစားရအောင်…အဖေကြီးဒီနေ့ စောစောပြန်ရောက်လို့ထမင်းဟင်း အကုန်ချက်ထားတယ်…”

ရေမိုးချိုးပြီး ထမင်းဝိုင်းရောက်တော့လည်း ထမင်းဝိုင်းက ထုံးစံအတိုင်းပါပဲ ခြောက်ကပ်ကပ်နဲ့ပေါ့…

မဲညစ်ညစ် ထမင်းဝိုင်းပု လေးမှာ နေရာ ၂ နေရာက လွတ်နေတယ်လေ…

ကျွန်မ ခင်ပွန်းရဲ့ မျက်နှာကို ကြည့်လိုက်တော့လည်း သူက ထမင်းသာစားနေရတယ်…သူ့စိတ်က ထမင်းဝိုင်းထဲမှာ မရှိဘူးဆိုတာ… လွတ်နေတဲ့ နေရာ ၂ ခုကို ကြည့်ကြည့်
နေတဲ့ သူ့မျက်လုံးတွေက ၀န်ခံနေတယ်လေ…




ထမင်းစားပြီး TV ဇတ်လမ်းတွေကြည့်တော့လည်း ဘာမှမထူးခြားပါဘူး…ကျွန်မတို့ရဲ့ အိမ်လေး သေးသေးလေးထဲမှာ TV ဇတ်လမ်းအသံတွေပဲလွှမ်းနေတယ် မျက်လုံးတွေက
ဇတ်လမ်းပေါ်ရောက်နေသော်လည်း ဘာတွေဖြစ်နေမှန်းမသိ
စိတ်တွေကတော့ တစ်နေရာမှာ…

“အမေကြီး…သားနဲ့ သမီး စီက ဖုန်းလာသေးလား…”

ကျွန်မ ခင်ပွန်းရဲ့မေးခွန်းပါ…နေ့စဉ်မေးနေကျမေးခွန်းတစ်ခုပါ…..



ကျွန်မကတော့ တက္ကသိုလ်တစ်ခုက ဌာနခွဲစာရေးကြီးတစ်ယောက်ပါ…လွန်ခဲ့သော ၁၀ နှစ်လောက်ထဲက ဌာနအုပ်အဖြစ် ရာထူးတိုးဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း
နယ်ပြောင်းရမည်ဖြစ်သောကြောင့် ၂ ယောက်တည်းသာရှိတဲ့
သားနှစ်သမီးကို မခွဲနိုင်တာက တစ်ကြောင်း သားနှင့် သမီးကို နယ်ခေါ်သွားပါက သူတို့ ကျောင်းနှစ်တစ်ခြားကိစ္စတွေ
အခက်အခဲဖြစ်မှာစိုးလို့ တိုးမယ့်ရာထူးကို လက်လွှတ်ပြီး စာရေးကြီး အဖြစ်နှင့်ပင် ဆက်လက်တာဝန်ထမ်းနေခြင်းဖြစ်သည်…ကျွန်မခင်ပွန်းမှာလည်း
ပန်းပုဆရာတစ်ယောက်ဖြစ်သော်လည်း သားနှင့် သမီးကို စိတ်မချသောကြောင့် နယ်သွားပြီး အလုပ်မလုပ်ပဲ
ဒီနေရာမှပဲ ရရာအလုပ်လုပ်နေသူဖြစ်ပါသည်…



ကျွန်မ နံရံပေါ်မှ ဓါတ်ပုံများကို ကြည့်ရင်း မျက်ရည်များ ၀ဲလာပါတယ်…

ကျွန်မရော ကျွန်မ ခင်ပွန်းပါ ဖိနပ်ပြတ်လျှင်တောင် တွယ်ချိတ်ထိုးစီပြီး သားနှင့်သမီး ပညာရေးကို ထောက်ပံ့ရင်းနဲ့ အခု ကျွန်မတို့ အိမ်နံရံမှာတော့ မိသားစု ၎
ယောက်တွဲရိုက်ထားတဲ့ သားကြီး
နှင့် သမီးတို့ရဲ့ ဘွဲဝတ်စုံနှင့် ရိုက်ထားသော
ဓါတ်ပုံ များနှင့် တစ်ခြား သင်တန်းများရဲ့ သင်တန်းပြီးဆုံးခြင်းလက်မှတ်ပေးပွဲတွေမှာ
ရိုက်ထားတဲ့ ဓါတ်ပုံတွေ…

“အဖေကြီးရယ်…ဒီလိုမှန်းသိရင် သားတွေ သမီးတွေ စာမတော်ခဲ့ရင်ကောင်းမယ်နော်…”

“အာာ…အမေကြီးကလည်း အဲလိုတော့ မပြောပါနဲ့…”

“ဟုတ်ပါတယ် အဖေကြီးရယ် ကျွန်မ သပ်သပ်ပြောတာပါ…အခုလို သူတို့တွေ ထူးထူးချွန်ချွန်ဖြစ်သွားတော့လည်း ကောင်းပါတယ်…ဒါပေမယ့် အဖေကြီးရယ်…”

“အင်း…သားကြီးတောင် ဖုန်းမဆက်တာ တော်တော်ကြာပြီနော်…ဟိုမှာ အဆင်ပြေရဲ့လား မသိပါဘူး”

ကျွန်မသားကြီးမှာ ပြည်ပနိုင်ငံတွင် ကျောင်းသွားတက်နေသူတစ်ယောက်ဖြစ်ပါတယ်

သမီးကတော့ ရန်ကုန်နှင့် မိုင်ပေါင်းများစွာဝေးသော မြို့တစ်မြို့ရဲ့ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုမှာ အထက်တန်း
အင်္ဂျီနီယာတစ်ယောက်အဖြစ်နှင့်သွားရောက်တာဝန်ထမ်းဆောင်နေတာပါ…

လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလောက်ကပေါ့ ကျွန်မတို့ရဲ့ ယိုင်နဲ့နဲ့ အိမ်လေးက အရမ်းပျော်ဖို့ကောင်းတဲ့ နေရာလေးတစ်ခုပေါ့ အစအနောက်သန်တဲ့ သားနဲ့
စိတ်တိုတတ်တဲ့ သမီးတို့ရဲ့ အသံတွေ…ကျွန်မ ရုံးကပြန်ရောက်တာနဲ့
အလုအယှက် ပြေးကြိုကြပြီး ကျွန်မဆွဲခြင်းထဲမှာ ပါလာတဲ့မုန့် အနည်းငယ်လေးကို အလုစားကြတဲ့
မောင်နှမနှစ်ယောက်ရဲ့ အသံတွေ…ညပိုင်း အပန်းဖြေစရာ TV လေးတစ်လုံးတောင် မရှိပေမယ့် သားနဲ့သမီးတို့ရဲ့
စာကျက်သံတွေနဲ့ စနောက်ညင်းခုံသံတွေက ကမ္ဘာကျော်နာမည်ကြီး ဇာတ်ကားတစ်ကားထက်ကို ပိုပြီး
ခံစားလို့ကောင်းခဲ့တယ် တစ်နေကုန်ပင်ပန်းသမျှ သားနဲ့ သမီး အသံနဲ့ပဲ ဖြေဖျောက်ခဲ့တယ်ပေါ့…

ကျွန်မတို့အကြောင်းမသိတဲ့ သူများကတော့ အဘိုးကြီးနဲ့ အဘွားကြီး ၂ ယောက်တည်းနေတယ်ထင်တဲ့သူတွေရှိ သလို သိတဲ့သူတွေကလည်း သားနဲ့သမီးတွေကို ချီးမွန်းနေတဲ့သူတွေလည်း
ရှိပါရဲ့…ဒါပေမယ့်လည်း တစ်ခါတစ်လေကျရင် တောင့်တမိတယ်…အဲလို
ချီးမွန်းသံတွေနဲ့ သားနဲ့သမီးကို ခဏလောက်လဲလို့ ရရင်ကောင်းမယ်လို့ ဘယ်သူမှ မချီး ကျူးရင်နေပါ…သားနဲ့သမီး
အနားမှာ ရှိနေရင်ကို ပြည့်စုံပြီလို့ထင်နေတာ…

အော်…စိတ်ကူးကတော့ စိတ်ကူးပေါ့…အဆင့်မြင့် ပညာတွေသင်နေတဲ့ သားအတွက် ဂုဏ်ယူသလို တာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ သမီးအတွက်လည်း ကျွန်မ ပျော်နေခဲ့ပါတယ်…

တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့…

“ဖေကြီးရေ…မေကြီးရေ..” ဆိုပြီး တစ်ကျော်ကျော်အော်ရင်းနဲ့ ၀မ်းသာအားရပြန်လာမယ့် သားနဲ့သမီးကို မျှော်ရင်းနဲ့ပဲ…ကျွန်မတို့ရဲ့အိမ်သေးသေးလေးမှာတော့…ကျွန်မရယ်ကျွန်မခင်ပွန်းရယ်ဟာ…တစ်ယောက်ပခုံးကို
တစ်ယောက်မှီရင်း…တိတ်ဆိပ်လို့ပေါ့…ကျွန်မတို့ရဲ့ မျက်လုံးများကလည်း
နံရံပေါ်မှာ သားနဲ့
သမီးရဲ့ ဓါတ်ပုံတွေပေါ်မှာပါပဲ…ကျွန်မတို့ အိမ်လေးထဲမှာတော့ TV ကဇာတ်လမ်းသံလေးက သဲ့သဲ့လေး
လွင့်နေပါတယ်…ဒါပေမယ့်လည်း ထုံးစံအတိုင်းပါပဲ…ဒီအိမ်သေးသေးလေးမှာ ကျွန်မတို့ အဘိုးကြီး
အဘွားကြီး ၂ ယောက်ရဲ့ သက်ပြင်းချသံတွေကတော့…..

နေနက်

No comments: