ဖောင်တိန်တစ်ချောင်းနဲ့ ကဗျာဆရာလား...?
ကီးဘုတ် တစ်လုံးနဲ့ ကဗျာဆရာလား...?
မဟုတ်ဘူး...လုံးဝမဟုတ်ပါဘူး
ငါ.. ကဗျာဆရာမဟုတ်ပါဘူး...
ကဗျာက ငါ့ ဆရာပါ...
သူစေခိုင်းတဲ့အတိုင်း ငါရေးတဲ့အတွက်
ငါ့ ကို ကဗျာရေးသူလို့တော့ ခေါ်ချင်ခေါ်ပေါ့...
ဖြစ်ချင်တာတွေ တောင်းဆိုဖို့ ကဗျာရေးတာမဟုတ်ပါဘူး...
တောင်းဆိုချင်တာတွေပြောပြဖို့ ကဗျာရေးတာ မဟုတ်ပါဘူး..
ပြောပြချင်တာတွေ မပြောရဲလို့ ကဗျာရေးတာ မဟုတ်ပါဘူး...
ဒါပေမယ့် ငါကဗျာရေးသူပါ...
တစ်ခါတစ်ရံ ကာရံတွေ ခွာစုံပေါက်လို့ မီးဟုန်းဟုန်းတောက်ချင် တောက်မယ်..
တစ်ခါတစ်ရံ ကာရံတွေ တွေဝေငေးလို့ ဆွေးချင်ဆွေးမယ်...
တစ်ခါတစ်ရံ ကာရံတွေ ခပ်တုံးတုံးနဲ့ ပေါချင်ပေါမယ်...
တစ်ခါတစ်ရံကျတော့လည်း ကာရံတွေပါချင်မှ ပါမယ်...
ဒါပေမယ့် ငါ ကဗျာရေးသူပါ...
ကောင်းကင် အပ်ကြား မွေးဖွားလာတဲ့ ကဗျာတစ်စက
made in china ဆိုရင်တော့ ငါသုံးမှာမဟုတ်ဘူး..
"ငါလက်နှင့်ဖွား ဒီကဗျာများ... မိုးတိမ်ကြားမှာ နားစေသား" လို့တော့
ငါ မကြွေးကျော်ခဲ့ပါဘူး....
ဒါပေမယ့် ငါ ကဗျာရေးသူပါ...
ငါ့ရဲ့နာမည် ငါ့ချစ်သူတောင်မသိဘူး...
ငါ့ရဲ့စာတွေ ပုံမနှိပ်ဘူး...
ဒါပေမယ့် ငါကဗျာရေးသူပါပဲ...
ဒါပေမယ့် ငါ ကဗျာ ဆရာမဟုတ်ဘူး...။ ။
10/12/2011
နေနနက်
Saturday, 10 December 2011
*ကျွန်တော်နင့်ကဗျာ*
Saturday, 19 November 2011
"တစ်ပတ်အတွင်းမိုးလေ၀သ ခန့်မှန်းချက်"

ယနေ့အတွက်မိုးလေ၀သခန့်မှန်းချက်များအရ…
အရှေ့အပေါ်ပိုင်းဒေသ သူ့မျက်ဝန်းများတွင်..
အင်အားအတန်သင့်ပြင်းထန်သည့် မုန်တိုင်းငယ်တစ်ခု အစပျိုးနေပြီး…
ဆက်စပ်ဒေသဖြစ်သော နှာခေါင်းတောင်တန်းဒေသမှာလည်း အတန်သင့်
ပွစိပွစိ ဖြစ်နေကြောင်း တွေ့ရှိရပါသည်..ထို့ပြင်
ထိုမုန်တိုင်းနှင့် တစ်ဆက်တည်း သူ၏ နှုပ်ခမ်းများလည်း ရှေ့သို့
အတန်ငယ် ဆူထွက်နေကြောင်း
တွေ့ရှိရပါသည်….
နောက်တစ်နာရီအတွင်း ခန့်မှန်းချက်အရ…
ထိုမုန်တိုင်းသည် အတန်ငယ်အားကောင်းလာ၍ မုန်တိုင်းနှင့်အတူပါလာသော
သူ၏လက်များမှာ ကျွန်တာ်၏ ခေါင်းပေါ် ဂုတ်ပိုးပေါ်ကို ကျရောက်လာနိုင်ကြောင်း
ခန့်မှန်းရပါသည်…
သို့သော်…ကျွန်တော်၏ အရှေ့ဘယ်ဘက်အခြမ်း ရင်ဘက်ထဲတွင်ရှိသော
အချစ်များမှာ ထိုမုန်တိုင်းကို ကောင်းစွာခံနိုင်ရည်ရှိပြီး…
လတ်တလောကြိုတင်ပြင်ဆင်မှုများအနေဖြင့် ကျွန်တော်၏
မျက်နှာကို အချိုဆုံးထားသင့်ပြီး နှုပ်ခမ်းများကိုလည်း
အစွမ်းကုန်ပြုံးကာ ကျွန်တော်၏ လက်များမှလည်း
သူကြိုက်တတ်သော အချဉ်ထုပ်မုန့်ထုပ်များကို
ဆွဲကိုင်ထားကာ ထိုမုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါသည်...
ထိုမုန်းတိုင်း၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြစ်
မုန်တိုင်းတိုက်ခတ်ပြီးနောက် တစ်ပတ်အတွင်းတွင် လက်ဆောင်ဖိုး
မုန့်ဖိုးများနှင့် ဖုန်းဖိုးများ ပို၍ ကုန်နိုင်ဖွယ်ရှိကြောင်းနှင့် တစ်ပတ်အတွင်း
အတူတွေ့ခွင့် လက်ကိုင်ခွင့်နှင့် အားဘွားရှလူးခွင့်များ ဆုံးရှုံးကာ
နိုင်ငံတစ်ကာ အချစ်ဒုက္ခသည်စခန်းတွင်
ယာယီဒုက္ခသည် အဖြစ် တစ်ပတ်ခန့် နေနိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းရပါသည်….
ယနေ့မိုးလေ၀သ အစီအစဉ် ဒီတွင်ပြီးဆုံးပါပြီ….။။။
(မှက်ချက်)ပြည်တော်ပြန်သွားတဲ့..ကျွန်တော့်ဆရာသူငယ်ချင်း နေနက်ရဲ့.
အမှက်တရကဗျာလေးပါ.ပိုစ့်တွေကျဲနေတာရယ်.သူငယ်ချင်းနေနက်ကိုသတိရမိနေတာရယ်
နှစ်ခုပေါင်းပြီး.ဆားချက်လိုက်မိပါတယ်.း)p.. ရွှင်လန်းချမ်းမြေ့နိုင်ပါစေ…
(ဒုတိယ)
19/11/2011
Friday, 3 June 2011
အချိုမှုန့်ကင်းတဲ့ဝိုင်
“ကိုယ်တိုက်ချက်ပြီး ကိုယ်တိုင် လွှင့်ပစ်တဲ့ ဟင်းတစ်ခွက်အတွက်
ဘယ်သူဝမ်းနည်းမလဲ”
ကာရံတော့မပါဘူး
ဒါပေမယ့် ကဗျာတစ်ခုဆောက်ကြည့်တယ်
“ဖြောင်း…ဖြောင်း…ဖြောင်း…”
လက်ခုပ်သံ… လူတစ်ထောင်တီးတာဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်… ၀ိုင်ချိုချို လက်ခုပ်သံတစ်ခု
မင်းအတွက်ဖြစ်ရင် မင်းထကလို့ရပြီ…
စိတ်မကောင်းဘူးသူငယ်ချင်းရယ်…
နာဂစ်ထဲကလူတွေလား…?
ဟေလီ မြို့ကလူတွေလား..?
အချိုမှုန့်များများဖြူးထားတဲ့
လက်ခုပ်သံကြားမှာ မင်းပျော်နေတော့လဲ..
ဝိုင်တစ်ခွက်ရဲ့ရသာကို မင်းဘယ်သိမှာလဲ..
မသေခင်က သေဖို့ကြိုးစားတဲ့…
သေမှာကြောက်တဲ့သူတွေကတော့ လူသတ်လက်နှက်တွေထွင်လို့..
သေပြီးမှ ရှင်ချင်တဲ့သူတွေကျတော့လဲ…
လူရှင်လက်နှက်တွေမထွင်နိုင်ခဲ့ပြန်ဘူး..
အချိန်နှောင်းတာလား အချိန်ပြောင်းတာလား..
တစ်ကယ်ပါ…
[ငါ့ရဲ့ စုံနံ့သာမြိုင်ပတ်ပြိုးမှာ
ဆောင်းကြိုးတစ်ချက်လျှော့ခဲ့(တာယာမင်းဝေ)]
ကြုံလို့ပြောရအုံးမယ်..
စကားလက် ကလေးဘယ်နှစ်ယောက်မွေးလဲလို့ မင်းမစဉ်းစားနဲ့
ဘတ်တလာ ဘယ်လောက်ချစ်လဲဆိုတာတော့ မင်းသိသင့်တယ်
အချစ်ဆိုတာ…
အပျိုအမှေးပါးပေါ် မမူတည်ဘူးကွယ့်…
အအာ…
ပြောရင်းဘယ်ရောက်သွားတာလဲ…
ကိုယ့်လှေကိုယ်ထိုးလို့
ပဲခုးရောက်သွားတာ
ကြားထဲကနေ အံကြိပ်မနေနဲ့ တောက်ခေါက်မနေနဲ့….
လှေကောင်းရုံနဲ့ ခရီးမရောက်
တက် ကောင်းရုံနဲ့ ခရီးမပေါက်
မင်း လှော်နိုင်မှ ရောက်မယ့်နေရာလေ…
လှော်နိုင်တဲ့သူတွေတော့ ရောက်ကုန်ပြီ
ပျော်နိုင်တဲ့သူတွေလဲ မှောက်ကုန်ပြီ
ရော့ သူငယ်ချင်း…
မင်းမသောက်ဘူးတဲ့ ၀ိုင်ချိုတစ်ခွက်
“အချိုမှုန့်သုံးမထားကြောင်း အာမခံသည်”
နေနက်
(အလုပ်တွေ နဲနဲ ရှုပ်နေလို့ ဒီဆိုက်ထဲကို မရောက်ဖြစ်တာကြာပြီ ... အခုတော့ ထံဆံ အတိုင်းပဲ ဆားချက် လိုက်တယ်)
Wednesday, 25 May 2011
ကျွန်တော်တို့ ပိုင်ဆိုင်သော အချိန်
ကိုဇော် စီကနေပြီး သေခါနီး ၅ မိနစ်အကြောင်းဖတ်မိတော့ ကျွန်တော့ တစ်ခုတွေးမိတယ် ။ တစ်ခြားတော့ မဟုတ်ပါဘူး … start non zero time ဆိုတဲ့စကားလေးပါ ။ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှတဲ့ အချိန်လေးပေါ့ ။ အရင်ကတော့ ကျွန်တော်လည်း လုံးလုံး ကို သတိမထားမိပါဘူး ။ အချိန်တွေထည့်တွက်ရတဲ့ ပုဒ်စာတွေ တွက်ရင် အနည်းဆုံး စက္ကန့်နဲ့ပဲ တွက်ကြတာများတာကိုး ။ မှတ်မှတ်ရရ အဲအကြောင်းလေးကို ကျွန်တော် စာသင်ခန်းထဲမှာ ပဲသိခဲ့ရတာပါ ။ အဲနေ့က ကျွန်တော်တို့ သင်တာက အရာဝတ္ထုတွေကို သပ်မှတ်တဲ့ အကွာအဝေး သပ်မှတ်ထားတဲ့ အမှတ်တစ်ခုကို သပ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် သွားနိုင်ဖို့အတွက် တွက်ကြ ချက်ကြတာပေါ့ ။
ပုဒ်စာမတွက်ခင် ဆရာက ဟိုပြောဒီပြောနဲ့ ပြောရင်း ကျွန်တော်တို့ကို တစ်ခုမေးတယ် ။ နိုင်ငံတစ်ခုကျော်လောက်အောင် ပစ်လွှတ်ရတဲ့ ပစ္စည်းတွေ အတွက်ဆို ဘာတွေလိုမလဲတဲ့ (ဥပမာ … တာဝေးပစ်ဒုံး ၊ အာကာသထဲထိ ပစ်တဲ့ ဒုံးမျိုးတွေ ၊မောင်သူမဲ့ ဂြိုလ်တု တွေ စသည်ဖြင့်ပေါ့) သူ့ရဲ့ အရှိန်ကို တွက်ချက်ဖို့ပါ ။ ဘာတွေလိုမလဲလို့မေးတော့ ကျွန်တော်တို့လည်း ကိုယ်သိသလောက်ကြားဖူးနားဝလေးတွေဝိုင်းပြောကြတာပေါ့ ။ နောက်ကနေ တွန်းကန်အားတွေထွက်မယ့် အင်ဂျင် တို့ ဒုံးထိန်းဒလက် တို့ အရှိန်သပ်မှတ်ချက်တွေ ဘာတွေညာတွေ တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့ …။ ကျွန်တော်တို့ပြောလို့အပြီးမှာ ဆရာက ပြောပါတယ် …။ အဲလိုမျိုးတွေအတွက်ဆို အချိန်ကို သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်က အရေးကြီးဆုံးပါပဲတဲ့ ။
ကျွန်တော်ပြောတာ နည်းနည်းလေး ရှုပ်သွားပါပြီ ။ ပြန်ရှင်းပါ့မယ့် ။ တာဝေးပစ် ပစ္စည်းတွေမှာ တာတိုနဲ့ တာလတ် တို့မှာ ထည့်မစဉ်းစားတဲ့ အချက်တစ်ချက်ပါပါတယ် အဲဒါက တစ်ခြားတော့မဟုတ်ပါဘူး ကမ္ဘာရဲ့ လည်ပတ်နှုံးပါပဲ ။ သုညနဲ့ တစ်စက္ကန့်ကြားက ကြာချိန်ကို အရေအတွက်အားဖြင့် 100 ထားထားပါတယ် ။တစ်စက္ကန့်လျှင် ၂၉.၇၈၃ ကီလိုမီတာနှုန်း နဲ့လည်ပတ်နေတဲ့ ကမ္ဘာကြီးပေါ်ကနေ အာကာသထဲကို ပစ်မယ့် ဒုံးတစ်စင်းကို သူ့ရဲ့ သွားနှုန်းက တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံလောက် မြန်သွားရင် ပဲဖြစ်ဖြစ် နှေးသွားရင်ပဲဖြစ်ဖြစ် ပစ်မှတ်ကို ၉.၉၂၇၇၇ ကီလိုမီတာလွဲချော်သွားမှာ ဖြစ်လို့ပါပဲ တဲ့ ။ နိုင်ငံကျော်ပစ်ရတဲ့ တာဝေးပစ် ပစ္စည်းတွေမှာလည်း အဲအချက်ကို အရေးကြီးအချက်နေနဲ့ ထည့်စဉ်းစားကြပါတယ်တဲ့ ။
ကျွန်တော်ပြောချင်တာက နည်းပညာအကြောင်းမဟုတ်ပါဘူး ။ ကိုဇော်ရေးထားတာလေးဖတ်ပြီး ကျွန်တော့စိတ်ထဲမှာ နည်းနည်းမေ့နေတဲ့ အကြောင်းအရာလေး ပြန်ပေါ်လာလို့ပါ ။ နိုင်ငံကျော် မင်းသားကြီး ခဏခဏ ပြောနေကျ စကားတစ်ခုရှိပါတယ် ။ သေဖို့အတွက် ပြင်ဆင်နေတယ်တဲ့ ။။။။ ပြင်ဆင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းမဟုတ်သလို လုပ်ဆောင်ခြင်းဆိုတာလည်း ပြီးမြောက်ခြင်းမဟုတ်သေးပါဘူး ။ ကဲ ကျွန်တော်တို့ ပြင်ဆင်ရင်းနဲ့ သေသွားမယ်ဆိုရင်ရော ။။။ လုပ်ဆောင်တဲ့ အချိန်နဲ့ ပြီးမြောက်ခြင်းကိုတောင် ကြားဖူးလိုက်မယ်မထင်ဘူး ။ ပြင်၇င်းဆင်ရင်းနဲ့ တို့လို့တန်းလန်း သေသွားခဲ့မယ်ဆိုရင်တော့ မြန်မာစကား ဇော်ကန့်လန့် လိုဖြစ်လောက်မယ်ထင်တယ် လို့ တွေးဖူးပါတယ် ။ ဇော်ကန့်လန့်ဆိုတာတော့ တစ်ခြားဇော်ဂျီတွေလို မိုးပေါ်လည်း ပျံလို့မရ ။ ရိုးရိုးလူတွေလို မြေပေါ်မှာလည်း နေလို့မရ အလယ်ကောင်မှာ ကန်လန့်ကြီးဖြစ်နေတဲ့ ဇော်ဂျီပေါ့ ။ တော်တော်လေး ကိုးရိုးကားယား နိုင်မယ့်ပုံပါပဲ ။
လူတိုင်းက တစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ထားတယ်လို့ပြောပြီး ထသွားတုံး ကားတိုက်သွားတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ် ။ အဲနေရာမှာပဲ သေသွားတယ် ။မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိတယ်လို့ ပြောရင်းပဲ မတော်တစ်စတစ်ခုခုကြောင့် မနက်ဖြန်ဆိုတာောတင် မမြင်လိုက်ရတဲ့သူတွေ တစ်ပုံကြီးပါပဲ ။ အဲတော့ ကျွန်တော်တို့ ဘယ်လောက်များများ ပိုင်ဆိုင်နိုင်မလဲ ။ နောက်ပြီး ဘယ်လောက်ထိ လုပ်သင့်လဲ ။ သေဆုံးခြင်းဆိုတာ ကျွန်တော်တို့နဲ့ ဝေးကွာနေတယ်လို့ထင်ရပေမယ့် အနီးကပ်ဆုံးလည်း ဖြစ်နိုင်တာပဲလေ ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ။ ကျွန်တော့အထင်တော့ အကြွေစေ့တစ်ခုက ပန်းနဲ့ခေါင်းလိုပါပဲ ။ အချိန်မရွေးပြောင်းလဲ သွားနိုင်ပါတယ် ။ ပြင်ဆင်ချိန် အရမ်းများနေရင်တော့ လုပ်ဆောင်ချိန်တွေ လျှော့နည်းသွားမှာပါပဲ … ။ ကျွန်တော်တို့ သေချာပေါက် ပိုင်ဆိုင်ထားတဲ့ အချိန်တစ်ခုပဲရှိပါတယ် ၊ အဲဒါကတော့ သုညနဲ့ တစ်စက္ကန့်ကြားမှာရှိတဲ့ အချိန်ကလေး တနည်းအားဖြင့် ရှင်သန်ချိန်လေးပါပဲ ။ အရမ်းနည်းနေတယ်လို့ထင်လို့လား အဲအချိန် တစ်ယူနစ်အတွင်းမှာ ကမ္ဘာကြီးက 0.29783 ကီလိုမီတာတောင် လည်ပတ်သွားပြီ ။ ကဲ …. ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ သုညနဲ့ တစ်စက္ကန့်ကြားက အချိန်လေးထဲမှာ ဘာတွေလုပ်ကြမလဲ ?
ခလုပ်ဆွဲညှစ်ပြီးတဲ့ သေနတ်ပြောင်းဝမှာ ကျွန်တော်ရှိနေတယ်ဆိုရင်တော့ ကမန်း ကတမ်း စိတ်ထဲက အလုပ်တစ်ခု လုပ်လိုက်မိတယ် ….
“ဘု……..”
နေနက်
25/5/2011
Saturday, 7 May 2011
ဂြိုလ်ဆိုး ......
ဒီငနဲ့ရဲ့ကံကြမ္မာ
မွဲပုံကသောက်တစ်လွဲ...
အိပ်နေတော့ ကြမ်းပိုးကိုက်
ထိုင်နေတော့ ပုရွက်စိတ်ကိုက်
လမ်းလျှောက်တော့ ခလုပ်တိုက်...
စပယ်ရာ ဆဲ
ချစ်သူနဲ့ကွဲ..ပုဆိုးကပြဲ...မောင်းကလွဲ...ခွေးကဆွဲ
အိမ်ရောက်တော့ အဖေကဖြဲ...
ဖြေဆေးက တစ်ပိုင်းခွဲ...
ရေရောလို့ အပီဆွဲ...
မူးတော့ ဘော်ဒါတွဲ..
ရစ်တော့ ဒီငနဲ..
ရပ်ကွက်ထဲ လှည့်ကာဆဲ...
အမူးပြေတော့ အချုပ်ထဲ.....။ ။
(နေနက်)
ဘယ်တုံးကရေးထားတာလဲမသိဘူး အဟောင်းလေးပါပဲ ရှာရင်းဖွေရင်း ပြန်တွေ့လို့ တင်လိုက်တာ....။
Sunday, 1 May 2011
(အသဲကွဲနေသည်....!!!!)
ငါက လေလွင့်နေတဲ့ကျောက်ခဲတစ်လုံးကွယ့်
အကန်ခံရတိုင်း လွင့်သွားပေမယ့်
ဦးတည်ရာတော့ မင်းစီမှမဟုတ်တာ…
ဟင့်အင်း…မဟုတ်သေးဘူး…
ထုတ်ချင်းခတ်တဲ့ မျှားတစ်စင်းအတွက်
လေးမှာ အပြစ်ရှိတာလား ကြိုးမှာ အပြစ်ရှိတာလား……..
ဒါပေမယ့် ပစ်သူကတော့ မင်းမဖြစ်သင့်ဘူး…
“သွေးစွန်းမှ သူရဲကောင်းဖြစ်မယ်ဆိုရင်တော့…
အဲဘွဲအတွက် ငါ့ကိုမထောက်ခံကြပါနဲ့….
ငါ….အိပ်ရေးမ၀သေးလို့”
အစောကြီးတည်းက ငါသိသင့်တယ်…
ရေဆေးထူထူသုံးထားတဲ့
ငါ့အိမ်မက်တွေအတွက်…
မင်းဟာ ဓါးတစ်လက်ဖြစ်တယ်ဆိုတာကိုပေါ့…
အချိန်မှီလေးတင်ပဲလို့ပြောရအောင်လည်း…
လက်ပတ်နာရီက အချိန်လား…
တိုင်ကပ်နာရီက အချိန်လားဆိုတာ…
ငါမသိသေးတော့လည်း….
မြို့ပတ်ပြီး နာရီဝယ်ဖို့အတွက်…
အချစ်တစ်ရံလောက် ခဏငှားပါ……။ ။
နေနက်
1/5/2011
Monday, 25 April 2011
ကျွန်ုပ်၏ ချစ်လှစွာသော
ရာဇ၀င်မော်ကွန်း
ဘယ်လောက်ထွန်းလည်း
ရွှေခေတ်အချိန်ခါ
လွန်လေပြီ...
ရွှေရောင်မှေးမှိန်
ဂုဏ်သတင်းတိမ်လည်း
ငါသည်မုချ
မြန်မာဖြစ်၏ ....
ငါ့နိုင်ငံအောက်
ရေချို မရောက်လည်း
ရေငန်သောက်၍
ဆက်နေမည်...
ငါ့နိုင်ငံမြေ
လွန်သေးသိပ်၍
ချိုမြိန်သစ်သီင်္း မဖြစ်ထွန်းလည်း
ရှိသမျှသစ်ခေါက်
ဖျော်ကာသောက်၍
အသက်ဆက်ကာ ငါနေမည်...
နိုင်ငံစွန်ခွာ
ဝေးရပ်ရွာ၌...
ပြည်ရွာမကောင်းကြောင်း
တိမ်းစောင်းသမုတ်
အကြိုးယုတ်အောင်
လှီဆယ်ရှာစား
လူ့ငနွား လည်း ငါမလုပ်ပေ...
ဘယ်လောက် ရောင်မှိန်
အလွန်သေးသိမ်လည်း
ငါပင် လေလွှင့်
သစ်ရွက်ဖြစ်သော်
ငါ့နိုင်ငံလေ ခေါ်ဆောင်ရာ၌
ငါရွက်လွှင့်မည်....
အဖန်ဖန်သေဆုံး
လူဖြစ်အုံးက
ဤမြေ၌ပင်
အသက်ဆက်မည်......။ ။
နေနက်
(20/10/2009)
မြန်မာနိုင်ငံနဲ့ဝေးနေတဲ့ အချိန်တုံးက အလွမ်းပြေလေးရေးထားတဲ့ ကဗျာလေးပါ ကြာတာတော့ ကြာပါပြီ ... ဘာမှမရည်ရွယ်ဘူးနော် ... အလွမ်းပြေသပ်သပ်ပဲ