{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Friday, 25 March 2011

Typing Error

Views

“အစ်ကိုတို့ဗျာ …… အစ်ကိုတို့ဗျာ …..”
ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဆိုထဲသို့ သံချောင်းတစ်ယောက်ဝင်လာရင်း ပြောချင်တာတွေ များနေသောကြောင့်ထင်ရသည် ။ စကားမဆက်ဖြစ်ပဲ ကျွန်တော် ငှဲ့ထားသော ရေနွေးခွက်ကို ကောက်မော့လိုက်သေးသည် ။ သံချောင်းဆိုတဲ့ကောင်လေးက ကျွန်တော်တို့ အဖွဲထဲမှာ အသက်အငယ်ဆုံး ။ သူ့ကို အသက်ငယ်တယ်လို့ပြောလို့ ကျွန်တော်တို့ကိုလည်း အသက်ကြီးတယ်လို့မထင်နဲ့အုံး အခုမှ ၃၅ ကျော်ခါစ လူပျိုလေးတွေပါ ။ ဒီကောင်လေးက ကျွန်တော်တို့နဲ့ ခင်တာမကြာသေးပေမယ့် ကျွန်တော်တို့ တစ်ဖွဲလုံးက ညီလေး တစ်ယောက်ကို ချစ်နေကြတာ … ။ သံချောင်းက အရမ်းဆင်းရဲ့တဲ့သူမဟုတ်ပေမယ့် ချမ်းသာတဲ့သူလည်း မဟုတ်ဘူး ပုံမှန်အသင့်အတင့်ပေါ့ ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်ထားတဲ့ အင်တာနက်ဆိုင်မှာ လာလာသုံးရင်းနဲ့ ခင်သွားတာပါ ။ ကျောင်းပြီးကာစ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိသေးတဲ့ ကောင်လေးတစ်ယောက်ပေါ့ ။
“အစ်ကိုတို့ …. တော်တော်ဆိုးတဲ့သူတွေပဲ …. အခုလိုတော့ မလုပ်သင့်ဘူးဗျာ”
ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း တစ်ယောက်နဲ့ တစ်ယောက် မေးဆက် ပြရင်း ဘာများလုပ်မိကြလဲလို့ စဉ်းစားရပြီပေါ့ ။ ဒီကောင်လေးက အငယ်ဆုံးလည်းဖြစ် ညီတစ်ယောက်လိုလဲ ဖြစ်နေတော့ ကျွန်တော်တို့ သူ့ကို မကြာခဏ စနေကြ ဖြစ်နေတာကိုး ။
“ဘာတွေဖြစ်နေတာလဲ ကောင်လေးရ …. အေးဆေးပြောပါအုံး …. ဒီကောင်တွေ ဘာတွေ ကြပ် လိုက်လို့လဲ”
သံချောင်းက ကျွန်တော့ကို မျက်ဒေါင့်နီကြီးဖြင့်လှည့်ကြီးပြီး …
“ဘယ်သူမှ ကျပ်တာမဟုတ်ဘူး ကိုသူရပဲ လုပ်တာလေ”
ကျွန်တော် သောက်နေတဲ့ ရေနွေးကြမ်းတောင် သီးသွားတယ် ….
“ဟ … ကောင်လေးရ … ငါဘာလုပ်မိလို့လဲဟ ….”
သံချောင်းက ရှုတည်တည် မျက်နှာဖြင့်ပင် စားပွဲပေါ်သို့ ဖိတ်စာတစ်ဆောင် ပစ်တင်ပေးရင်း
“အစ်ကို ဘာလုပ်လဲဆိုတာ ဒီမှာကြည့်လေ …. တစ်ခြားဟာ စတာ ဘာမှ မဖြစ်ပါဘူးဗျာ … ဒါမျိုးမှာ စတာတော့ မကောင်းပါဘူး အစ်ကိုရာ … အခုဘယ်လိုလုပ်ရမလဲ ဖိတ်စာတွေက ဝေပြီးတာတွေဝေပြီးနေပြီ …. ကျွန်တော်လည်း အစ်ကိုတို့ကို ယုံလို့ သေချာပြန်မစစ်မိဘူး … အစ်ကိုတို့ ဒီလောက်ထိ စမယ် နောက်မယ်လို့လည်း ကျွန်တော်မထင်လို့ပေါ့ ….”
ဒီကောင်လေး ဘာတွေပြောနေပါလိမ့် ဆိုတဲ့ အတွေးနဲ့ …. စာပွဲပေါ်က ဖိတ်စာကိုကြည့်လိုက်တယ် ။ တစ်ခြားဖိတ်စာတော့ မဟုတ်ပါဘူး သံချောင်းနဲ့ သူ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖိတ်စာပါ ။ မြင်တာနဲ့သိတယ် ။ သိမှာပေါ့ ကျွန်တော် ကိုယ်တိုင်ရိုက်ပြီး ကျွန်တော်တို့ ဆိုင်က ထုပ်ပေးလိုက်တာကိုး ….။
“ကြည့်စရာ မလိုပါဘူးကွ အဲဒါ ငါကိုယ်တိုက် ရိုက်ပေးလိုက်တဲ့ ဖိတ်စာပဲဟာ …. ဖိတ်စာက ဘာဖြစ်လို့လဲ …”
သံချောင်းက စိတ်မရှည်သလိုပုံစံဖြင့် …
“ဟာ… အစ်ကိုကလဲ … ဒီမှာကြည့်ဗျာ … ဒီမှာကြည့်”
ဖိတ်စာ ထိပ်စည်းမှ ပန်းစလုံးကို ရွှေရောင် တောက်တောက်ဖြစ် လှပစွာရေးထားသည်က
“မင်္ဂလာလုပ်ထပ်ပွဲ ဖိတ်ကြားလွှာ”
သေပြီဆရာ …. ကိုယ့်မျက်လုံကိုယ် သေချာပွတ်ပြီး နောက်တစ်ခေါက်ပြန်ကြည့်ကြည့်တယ် စလုံးတွေကတော့ ပြောင်းမသွားဘူး လုပ်ထပ်ပွဲကတော့ လုပ်ထပ်ပွဲပါပဲ ။ အင်း… လပ်ထပ်ပွဲနဲ့ လုပ်ထပ်ပွဲ အဓိပ္ပာယ်ချင်းတော့ သိပ်မကွာပါဘူး ဟီး….။
ထောင်းကနဲထလာတဲ့ ရယ်ချင်စိတ်ကို အတင်းကြိတ်မှိတ်မျိုသိပ်ပြီး ရေနွေးကြမ်းတစ်ခွက် ဖိသောက်လိုက်တယ် ။ ဟုတ်တယ်လေ ဒီအချိန်မှာ ထရယ်ရင် လူသတ်မှုတွေတောင် ဖြစ်နိုင်တာကိုး …။သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တော့ သူတို့ကလည်း ပြုံးစိပြုံးစိနှင့် ။
ဒါလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ ။ မောင်သံချောင်း ကျွန်တော့ကို ထပ်ပြသေးတယ် ။ ဖိတ်စာရဲ့ နောက်ဆုံးမှာရေးထားတာ …
“လက်မဖွဲ့ခြင်းသည်းခံပါ”
အမှန်က “လက်ဖွဲခြင်းသည်းခံပါ” ဆိုတာ ဖြစ်မယ်ထင်တယ် ။ အင်း မြန်မာစာ မြန်မာစကား တော်တော်ဆိုးတာပဲ “မ” လေးတစ်လုံးပိုတာနဲ့….
ဘယ်လိုမှ ထိန်းမရတဲ့ ရယ်ချင်စိတ်ကို ချောင်းဆိုးသံအဖြစ်ပြောင်းပြီး မသိမသာ ခိုးရယ်ရတာပေါ့ ။
“အဟွတ် …. အဟွတ် … အဟွတ် …. ဟုတ်သားပဲဟ …. အဲနေ့က မင်းဖိတ်စာရော တစ်ခြား အသုဘ ဖိတ်စာရော အရေးကြီးလို့ဆိုပြီး တစ်ညလုံး ထိုင်ပြီး ရိုက်နေလိုက်တာ အဲဒါရောသွားတာဖြစ်မယ် …. ဘယ်နှယ့်လုပ်ကြမတုံး …”
“မင်းတို့ ကောင်တွေကလဲ ဖိတ်စာထုပ်တာ စာလုံးပေါင်းလေး ဘာလေး ပြန်မစစ်ဘူးလား…”
မပြေးသော်လည်း ကန်ရာရှိ ဆိုသလိုပဲ ဘာမှ မဆိုင်တဲ့ ကျွန်တော့သူငယ်ချင်းတွေကို ဟောက်ကြည့်သေးပါတယ် ။ မရပါဘူး ….
“ငါတို့နဲ့ ဘာဆိုင်လို့လဲဟ မင်းဟာမင်း အိပ်ချင်မူးတူးနဲ့ စာစီပြီးတော့ … မင်းထုပ်ဆိုလို့ ငါတို့ထုပ်တာပေါ့ …. မင်းမှားတာလဲကြည့်အုံးလေ ခေါင်းစည်းစာလုံးကြီးမှ မှားရလား”
“ဆော်ရီးပါ သံချောင်းရာ ငါမင်းကို စတာမဟုတ်ပါဘူး အဲဒါ တစ်ကယ်ကို မှားသွားတာပါကွာ … typing error ပေါ့”
“အခု ဖိတ်စာတွေက ဘယ်လောက်ဖိတ်ပြီးပြီလဲ အကုန်ပြီးပြီလား”
သူငယ်ချင်းတစ်ယောက်က ၀င်မေးသည်။
“အကုန်လုံးတော့ မဖိတ်ရသေးပါဘူးဗျာ ကျွန်တော်တို့ ရပ်ကွက်ထဲပဲ ဖိတ်ရသေးတယ် …. တော်သေးတာပေါ့ ကျွန်တော့သူငယ်ချင်းတွေ ၀ိုင်းစမှ ကျွန်တော်လည်း သေချာကြည့်မိတာ … ကျွန်တော်လည်း အစ်ကိုတို့ကို ယုံတော့ ပြန်မစစ်မိဘူး”
ကျွန်တော့ သူငယ်ချင်းက
“ဒါဆိုတော်သေးတာပေါ့ …. စိတ်မညစ်ပါနဲ့ကွာ ငါတို့ ဖိတ်စာတွေအကုန်လုံးကို ဒီညအပြီးပြန်ရိုက်ပေးမယ် …ဟုတ်ပြီးလား မနက်ကျရင် လာယူလိုက်”
“ဒါဆိုရင်လည်း ပြီးရောဗျာ … ရပ်ကွက်ထဲက လူတွေကတော့ ဘာမှမဖြစ်ပါဘူး …. ပြီးမှ အကျိုးအကြောင်းပြောပြီး ဖိတ်စာအသစ်ပြန်ဝေလိုက်တော့မယ် … မနက်တော့ပြီးအောင်လုပ်ပေးနော်”
ကျွန်တော်ကတော့ ပြုံးဖြီးဖြီးနဲ့ပဲ ….
“စိတ်ချပါ သံချောင်းရယ် ….. အခုကလည်း စချင်လို့မဟုတ်ပါဘူး …. Typing error ပါကွာ tyipng error ပါ”
အော် typing error ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ညနေခင်း လက်ဖက်ရည်ဝိုင်းလေးမှ အလုပ်ခန်းစီသို့ ပြန်လည် သုပ်ခြေတင်ခဲ့ရပါတော့တယ်ဗျာ ။

နေနက်
25/3/2010

1 comment:

မိုးယံ (လူသားအားလုံးအတွက်) said...

ဟိုတစ်လောက ဖတ်မိတဲ့ ကျေးဇူးရှင် ဖခင်ကြီးလို့ ရေးတဲ့ နာရေးဖိတ်စာမှာ.. အလယ်က ခကွေး ကို ပြုတ်ကျန်ခဲ့သလို ဖြစ်နေပါရောလား။