“ဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ”
“အိုး… ကျွန်မနဲ့ဘာဆိုင်လို့လဲ အကုန်လုံးက ရှင့်ကြောင့်ဖြစ်လာတဲ့ ပြသနာတွေပဲ”
ရထားစင်္ကြန်တစ်ခုပေါ်မှာ ဖြစ်ပါသည်… ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ဒေါသကြောင့် နီမြန်းနေတာလား စိတ်ရှုပ်မှုတွေကြောင့် အရောင်ပြောင်းလဲနေတာလား … သူတို့ကိုယ်တိုင်ကို မဝေခွဲနိုင်တဲ့ မျက်နှာတွေနဲ့… သူတို့နှစ်ဦးရဲ့
သောကတွေကို မသိချင်ယောင်ဆောင်နေတဲ့ အေးစက်စက် သံဇကာကြီးကတော့ သူတို့နှစ်ဦးကြားမှာ
ငြိမ်ငြိမ်သက်သက် ရပ်တည်လျှက်ပေါ့…
…………………………………………………
“မင်းတော်တော် အသုံးမကျတဲ့ တာပဲ”
“ရှင်ကရော … အခုရှင့်ကြောင့် မလိုတဲ့ပြသနာတွေ အကုန်ဖြစ်ကုန်ပြီ”
“မင်းကရော ဘာလို့ ဒီလိုလုပ်ရတာလဲ”
“ဘာပဲပြောပြော ဒါတွေက ရှင့်ကြောင့်ဖြစ်လာတာတွေပဲ”
နှစ်ယောက်လုံးရဲ့ တင်းမာတဲ့ နှုပ်ခမ်းတွေက လေးကိုင်းတွေအလား တစ်ယောက်နဲ့တစ်ယောက် တစ်ရဆက် ပစ်လွှတ်ရင်း မုန်တိုင်းသေးသေးလေးတစ်ခု လွှမ်းခြုံထားတဲ့ သူတို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင်ကိုတောင်မေ့နေပြီလား……
…………………………………………………
“ကျေးဇူးပြုပြီးနားဆင်ပါရှင်… မကြာမီမှာ ထွက်ခွာမယ့် ………………..”
ပြန်ကြားရေးဌာနမှ ကြေငြာသော ရထားထွက်ချိန်သတိပေးကြော်ငြာသံ ဟာ ရထားဘူတာအတွင်းမှာ အသာအယာပင် လွှင်မျောပျံလွင့်သွားပါတယ်….
…………………………………………………
ကြေငြာသံအဆုံးမှာပဲ သူတို့ နှစ်ယောက်ရဲ့ အကြည့်တွေမှာလဲ အရောင်တွေပြောင်းလဲသွားတာလား မီးတောက်တွေ အရှိန်လျှော့သွားတာလား… ဒါမှ မဟုတ် အတိတ်ကိုပဲ လွမ်းဆွတ်မိတာလား…
“မင်း တစ်ကယ်ပဲ ထွက်သွားတော့မလို့လား”
“… … …”
ကောင်မလေးရဲ့ တိုးတိုးလေးဖြေလိုက်တဲ့ အသံဟာ ဆူညံညံ စင်္ကြန်ပေါ်မှာ ပျောက်ကွယ်သွားလို့ ကောင်လေး မကြားလိုက်ဘူးထင်ပါရဲ့…
…………………………………………………
အေးစက်စက် သံဇကာပေါ်မှာ စုံစည်းလာတဲ့ နွေးထွေးတဲ့ လက်လေး နှစ်ခုပေါ့…
ကောင်မလေးရဲ့ လက်ပေါ်ကို ကောင်လေးရဲ့ လက်က နွေးထွေးစွာနဲ့ပဲ ဆုပ်ကိုင်လိုက်မိတယ်…
မော့ကြည့်လိုက်တဲ့ ကောင်မလေးရဲ့ မျက်ဝန်းထဲမှာ မီးတောက်တွေအစား မိုးတိမ်တွေ အံ့မှိုင်းလို့ မကြာမှီရွာချတော့မယ့် မိုးစက်တွေလို မျက်ခမ်းစပ်မှ တွဲခိုနေတဲ့ ပုလဲတစ်ချို့နဲ့…
“အမှန်တော့ ဒါတွေက ကိုယ့်အပြစ်တွေပါကွာ”
“ရှင့် အပြစ်တွေပဲလဲ မဟုတ်ပါဘူး ကျွန်မ အပြစ်တွေလည်း အများကြီးပါပါတယ်”
“ကိုယ်တစ်ကယ် အသုံးမကျခဲ့တာပဲ… အမှန်တော့ ကိုယ်ဒီလိုမျိုးတွေ မလုပ်ခဲ့သင့်ဘူး”
“ကျွန်မ ကလည်း ကျွန်မပါပဲ… ကိုယ်စိတ်ကိုယ်မထိန်းနိုင်ပဲ လျှောက်လုပ်ခဲမိလို့ အခုဒီလိုမျိုးတွေဖြစ်လာတာပါ”
…………………………………………………
“ကျေးဇူးပြုပြီး နာဆင်ပါရှင်… ……… ………….. …………. ………. ………… နေရာယူပေးကြပါရန်…… ….”
ကောင်မလေးရဲ့ မျက်ဝန်းထဲမှ မိုးစက်တွေ သွန်းဖြိုးလာခဲ့ပါပြီ… တစ်သွင်သွင်စီးကျခဲ့တာ မြစ်ကျိုးအင်းတစ်ခုအလား…
ကောင်လေးရဲ့ နီးမြန်းနေတဲ့ မျက်နှာကတော့ အခုအချိန်မှာ ဒေါသကြောင့်နီမြန်းနေတော့တာ မဟုတ်တော့ပါဘူး အံကိုတင်းတင်းကြိပ်ရင်း ကောင်မလေးရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း…
“ကိုယ့် အမှားတွေကို ခွင့်လွှတ်ပေးပါကွာ… ကိုယ်လုပ်ခဲ့မိတဲ့ အပြစ်တွေ အတွက် ကိုယ်တောင်းပန်ပါတယ်…”
“ကျွန်မကို မတောင်းပန်ပါနဲ့… အမှန်ဆို ကျွန်မက ပြန်တောင်းပန်ရမှာပါ… ကျွန်မကြောင့်ဖြစ်တဲ့ ပြသနာတွေပဲ”
…………………………………………………
“ကိုယ့်ကို တစ်ယောက်တည်းထားခဲ့တော့မှာလား….”
ကောင်မလေးရဲ့ဆုံးဖြတ်ရခက်တဲ့ မျက်ဝန်းတွေထဲကနေပြီး သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကောင်လေးတွေလိုက်မိတယ် ထင်ပါရဲ့….
ကောင်မလေးရဲ့ မျက်နှာကလည်း တစ်စုံတစ်ရာကို သေချာဆုံးဖြစ်နိုင်ခဲ့တဲ့ မျက်နှာမျိုးနဲ့ပေါ့…
ကောင်မလေးက သူ့မျက်ရည်တွေကို လက်ခုံနဲ့ ဖြစ်သလို သုပ်လိုက်ပြီး ခေါင်းကိုမော့ကာ ကောင်လေးမျက်နှာကို သေချာကြည့်လိုက်တယ်…….
…………………………………………………
တစ်ဘော်ဘော် အသံပေးရင် ရထားကြီးဟာ သူရပ်တည်နေရာ ဘူတာကြီးကို ကြောခိုင်းလို့ သူ့ဗိုက်ထဲက ခရီးသည်တွေ ကုန်စည်တွေကို သယ်ဆောင်ရင်း အိပဲအိပဲနဲ့ပဲ ထွက်ခွာသွားပါတယ်…ထွက်သွားသူတွေကလည်း နှုပ်ဆက်
ကျန်ရစ်သူတွေကလဲ လက်ပြလို့ပေါ့…
နောက်ဆုံးတော့ ထုံစံ အတိုင်းပဲ ဘူတာရုံလေးရယ် စင်္ကြန်လေးရယ်ပဲ တိတ်တစိတ်နဲ့ ပေါ့… ဘူတာလေးရဲ့ မလှမ်းမကမ်းမှာတော့ ကောင်လေးရဲ့ ခါးကို အသာအယာဖက်ထားတဲ့ ကောင်မလေးနဲ့ ကောင်းမလေးရဲ့ ခရီးဆောင်အိပ်ကိုဆွဲပေးထားရင်း
ကောင်မလေးပခုံးကို အသာအယာပြန်ဖက်ထားတဲ့ ကောင်လေးတို့ရဲ့ ပုံရိပ်ကလည်း တစ်ဖြေးဖြေးနဲ့
ဝေးကွာသွားတာကို ဘူတာရုံလေးက ပျော်ရွှင်စွာနဲ့ပဲ ငေးမျှော်ကြည့်နေမလား… ကောင်လေးနဲ့
ကောင်မလေး တို့ရဲ့ မျက်နှာကိုယ်စီမှာလည်း ပျော်ရွှင်မှုတွေနဲ့ပေါ့ သူတို့တွေ ဘယ်တော့မှ
ခွဲခွာကြတော့မှာ မဟုတ်တော့ပါဘူး….။ ။
(နေနက်)
Wednesday 23 March 2011
အပြာရင့်ရင့်စုံမှတ်များ……
Views
Subscribe to:
Post Comments (Atom)
No comments:
Post a Comment