{အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ အနုပညာမြစ်တစ်စင်းကတော့ ကျွန်တော့်နှလုံးသားအတွက် အဓိက ရေသောက်ဖြစ် တစ်ဆင်းပါပဲ}

Saturday, 26 February 2011

နှလုံးသားအဟာရ(၂)

Views

ဖြစ်အောင်လုပ်စမ်းပါ

၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက် ပန်းတိုင် တစ်ခုချသည် ။
အဲသည်အချိန်က အမေရိကန် ကြေးစားဘောလုံး(ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည် ။ ပိန်တာရိုးကောင်လေးက သူ့အော်တို လက်မှတ်လိုချင်သည် ။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတစ်ချို့ရှိနေသည် ။
သူသည် လူမည်းဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရခြင်းသာဖြစ်သည် ။ သူ့ခမျာ ဘယ်တုန်းကမှ ၀၀လင်လင် မစားရ ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ ရောဂါ ရနေသည် ။ အရိုးပေါ် အရေတင်သည့် သူ့ခြေထောက်ခွင်ခွင်လေးကို သံမဏိ ထိန်းတံများ ဖြင့် ကျားကန်ပေးထားရသည် ။ လောလောဆယ်လည်း ပိုက်ဆံမရှိသဖြင့် ဘောပွဲဝင်ကြည့်ရန် လက်မှတ်မ၀ယ်နိုင် ။ ထို့ကြောင့် ဂျင်(မ)ဘရောင်း ကစားပြီးပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည် စောင့်မျှော်နေရသည် ။
ဂျင်(မ)ဘရောင်းနှင့် တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည် ။ ဘရောင်း လက်မှတ်ထိုးနေသည့် အချိန်ကောင်လေးပြောပြသည် ။
“မစ္စတာဘရောင်း … ခင်ဗျားပုံကို ကျွန်တော့ အခန်းနံရံမှာ ချိတ်ထားတယ်ဗျ ၊ စံချိန်တွေအားလုံးကို ခင်ဗျား ချိုးထားတာ ကျွန်တော်သိတယ် ၊ ခင်ဗျားက ကျွန်တော် ကြည့်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ”
ဘရောင်းပြုံးပြီး နားထောင်ပြီးသွားရန်ပြင်သည် ။ သို့သော် ကောင်လေးက မပြီးသေး ။
“ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်း တင်ထားတဲ့ စံချိန်တွေ အားလုံးကို ချိုးမယ်ဗျ” သူကရဲရဲဝံ့ဝံ့ ကြေညာသည် ။
ဘရောင်း ဖြုံသွားသည် ။ “သားနာမည် ဘယ်လို ခေါ်လဲကွ” သူမေးလိုက်မိသည် ။
“အိုရင်သယ်ဂျိမ်း(စ)ပါ ၊ သူငယ်ချင်းတွေကတော့ အိုဂျေ လို့ အတိုကောက်ခေါ်ကြပါတယ်” ကောင်လေးက ပြန်ဖြေသည် ။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင် ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တစ်ကယ်ဖြစ်လာခဲ့သည် ။ ထိခိုက် ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့် အချိန်တွင် ဂျင်(မ)ဘရောင်း တင်ခဲ့သည့် စံချိန်များအနက် သုံးခုမှ အပ ကျန်အားလုံးကို ချိုးနိုင်ခဲ့သည် ။
လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွအေးသည့်နေရာတွင် ရည်မှန်းချက် ပန်းတိုင် ချမှတ်ခြင်းလောက် အင်အားပြင်းထန်သော အရာမရှိပါ ။ ထို့ကြောင့်….
ပန်းတိုင် ခိုင်ခိုင် ချပါ ၊ ပြီးလျှင် အဲသည်အတိုင်း တစ်ကယ်ဖြစ်အောင် စွမ်းဆောင်ပါ ။

(ဆရာဖေမြင့်)

No comments: